လွိုင်ကော်မြို့ရဲစခန်းမှ ရဲအရာရှိတစ်ဦး လက်နက်နှင့်အတူ မိသားစုပါ ခေါ်ဆောင်ပြီး ပြည်သူ့ဘက် ကူးပြောင်းလာ (ရုပ်သံ)

7 months ago

“နောက်ပိုင်းတော့ ကျောင်းဆရာပဲ လုပ်တော့မယ်”
ပြည်သူ့ဘက် ကူးပြောင်းလာသော ရဲအရာရှိ
=====
နိုဝင်ဘာ ၁၅
လွိုင်ကော်မြို့ရဲစခန်းမှ ရဲအရာရှိတစ်ဦး လက်နက်နှင့်တကွ မိသားစုပါ ခေါ်ဆောင်ကာ ပြည်သူ့ဘက်သို့ကူးပြောင်းလာကြောင်း KNDF တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။
၂၀၁၈ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သော ၎င်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အမိန့်အောက်တွင်တာဝန်ထမ်း‌ဆောင်လိုစိတ် မရှိတော့သည်မှာ မှန်သော်လည်း မထွက်ခွာနိုင်ဘဲ ကြိတ်မှိတ်နေထိုင်ဖြစ်ခဲ့သည်မှာ ကြာပြီဟု သူ၏ဇနီးဖြစ်သူက ဆိုသည်။
အာဏာသိမ်းမှုဖြစ်ပြီး‌နောက် လွိုင်ကော်မြို့ရဲစခန်းမှ CDM ပြုလုပ်ခဲ့‌သော ရဲဝန်ထမ်းများတွင် ၎င်း၏ သူငယ်ချင်းအများအပြားပါဝင်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် စစ်ကောင်စီလက်က‌ ထွက်လာပြီးပါက တော်လှန်ရေးတပ်ဖွဲ့များက နှိပ်စက်မည်ကိုကြောက်နေခဲ့ကြောင်း ဆိုထားသည်။
“နောက်ပိုင်းကျရင်တော့ ကျောင်းဆရာ လုပ်မယ် စဉ်းစားထားတယ်။ စစ်ရှောင်တွေကို သင်ပေးမယ်” ဟု အဆိုပါ ရဲတပ်ကြပ်က KNDF တပ်ရင်း(၂)၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေဆိုထားသည်။
နိုဝင်ဘာ ပထမပတ်အတွင်း KNDF တပ်ရင်း(၂)ထံ နီးစပ်ရာအဆက်အသွယ်ဖြင့် CDM ပြုလုပ်ရန် ချိတ်ဆက်ခဲ့သည့်အတွက် ထိုရဲတပ်ကြပ်နှင့် မိသားစုကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ကြောင်းနှင့် လက်ရှိတွင် လုံခြုံသည့်နေရာ၌ ထားရှိထားကြောင်း၊ G3 သေနတ်တစ်လက်နှင့်ကျည်အချို့ကို ယူဆောင်ပြီး အပ်နှံခဲ့သည့်အတွက် KNDF မှ ငွေကျပ် သိန်းသုံးဆယ်ကို ပြန်လည်ပေးအပ်ခဲ့ကာ မိသားစုဘဝ ဆက်လက်ရပ်တည်နိုင်ရန်လည်း တပ်ရင်းက ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။