လွိုင်ကော်ထောင် ရပြီ ဆိုသော သတင်းမှားယွင်း သတင်းအမှားများကြောင့် မြေပြင်တော်လှန်ရေး ရဲဘော်များနှင့် ပြည်သူများ အထိနာနေရ

7 months ago

“ထောင်ထဲကို ကျွန်တော်တို့ မဝင်နိုင်သေးတာကို ထောင်ရနေပြီ ၊ ဘာညာဆိုပြီး လုပ်နေ ပြောနေတဲ့ အုပ်စုလေးရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ပဲ အဖိခံရတာပေါ့။ လေယာဉ်တွေတောက်လျှောက် လာတော့တာပေါ့”
ပြည်သူ့ကာကွယ်ရေးတပ်၊ ဒီးမော့ဆို
==============
နိုဝင်ဘာ ၁၆
ကရင်နီပြည်အတွင်း မြို့သိမ်းတိုက်ပွဲများနှင့် ထိုးစစ်များဆောင်ရွက်နေချိန်တွင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာ သော လွိုင်ကော်ထောင်ရပြီ၊ ထောင်သားများ လွတ်ပေးလိုက်ပြီဆိုသော သတင်းအမှားများကြောင့် ဒေသခံ ပြည်သူများနှင့် တော်လှန်ရေးတပ်ပေါင်းစုများ လေယာဉ်ဖြင့် အဆက်မပြတ် အဖိခံနေရကြောင်း သိရသည်။
“ထောင်ထဲကို ကျွန်တော်တို့ မဝင်နိုင်သေးတာကို ထောင်ရနေပြီ ဘာညာဆိုပြီး လုပ်နေပြောနေတဲ့ အုပ်စုလေးရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ပဲ အဖိခံရတာပေါ့။ လေယာဉ်တွေတောက်လျှောက်လာတော့တာပေါ့။ မနေ့ညကဆို တစ်ညလုံး၊ ဒီနေ့လည်း တနေကုန် တစ်စင်းပြီး တစ်စင်း၊ တစ်စင်းသွားတာနဲ့ တစ်စင်းပြန်လာတဲ့ အထိပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်၊ ဒီးမော့ဆိုမှ တာဝန်ရှိသူက Spring of Burma Media သို့ နိုဝင်ဘာ ၁၅ ရက်တွင် ပြောခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ထိုးစစ်များနှင့် မြို့သိမ်းတိုက်ပွဲများစွာ တပြိုင်တည်း ဆင်နွှဲနေချိန်တွင် သတင်းအမှန်များနှင့်အတူ သတင်းအမှားများလည်း ရောထွေးထွက်ပေါ်လာကြောင်းနှင့် အဆိုပါ သတင်းအမှားများမှာ အမှန်တကယ် မှားယွင်းပြောခြင်းများ ရှိနေသလို ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုများစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ တမင်ဖြန့်ဝေနေသည့် သဘောများလည်း ပါနေ၍ အထူးသတိပြုသင့်ကြောင်းလည်း သိရသည်။
“တောက်လျှောက် ကြဲနေတာ။ ဒေါဥထူ ရပ်ကွက်တို့၊ ဘာဒိုမှာဆို အရင်ကတည်းက စကစ ဘက်က မထွက်ခိုင်းတာရှိတယ်။ကျွန်တော်တို့က ရွာတွေထဲ ပြည်သူတွေ ရှိတယ်လည်း မသိ၊ တံခါးသော့ခတ်ထားတော့လေ။ ဒါပေမယ့် အထဲကနေ အသံကြားတော့ အထဲက ဘယ်သူလဲ ဘာလဲ မေးတော့မှ မြန်မာအသံမဟုတ်ဘဲ တိုင်းရင်းသားအသံကြားတော့မှ အထဲကနေ ကျွန်တော်တို့ ထွက်လို့ရပြီလားမေးလို့ ထွက်လို့ရပြီဆိုပြီး ထွက်ခိုင်းရတာတွေ ရှိတယ်။ မနေ့ညက လေယာဉ်လာကြဲတော့ ပြည်သူအများကြီး ထိတယ်။ သေလည်း သေကြတယ်။ ဒေါဥခူဘက်က ပြည်သူတစ်ယောက် သေတယ်။ သေဆုံးသူ အမျိုးသားအလောင်းပြန်ရဖို့ တော်တော်ကြိုးစားခဲ့ရတယ်။ စကစနဲ့ ကပ်နေတဲ့ နေရာဖြစ်တော့ ပြည်သူအလောင်းပြန်ရဖို့ ကျွန်တော်တို့ရဲဘော်တစ်ယောက်တောင် ထိသွားရတယ်။ အလောင်းပြန်ရဖို့ နည်းနည်း ထိုးစစ်သဘော တိုက်ရတော့ ထိတာပေါ့” ဟု ပြည်သူ့ကာကွယ်ရေးတပ်၊ ဒီးမော့ဆိုမြို့နယ်မှ တာဝန်ရှိသူက ဆက်၍ ပြောခဲ့သည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေါဥခူရပ်ကွက် နှင့် ဘာဒို စသော နေရာများတွင် ပြည်သူအိုးအိမ် များစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် ဒေါဥခူရပ်ကွက်ရှိ သာသနာ့အဆောက်အအုံ၊ လွိုင်ကော်ရှိ အထင်ကရဖြစ်သော ဒေါဥခူ စာသင်တိုက်ကြီးလည်း အထိအခိုက်များစွာဖြင့် ပျက်စီးခဲ့ရကြောင်း သိရသည်။
ရုပ်သံ (ပေးပို့) – စကစ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ထားသော ပြည်သူများအား ရဲဘော်များကယ်ထုတ်နေပုံနှင့် ထိခိုက်ပျက်စီးမှုများ။