လွိုင်ကော်တက္ကသိုလ်ဝန်းတွင် တိုက်ပွဲများ နှစ်ရက်ဆက်တိုက် ပြင်းထန်၊ လက်ကျန် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ KNDF ထံ လက်နက်ချ (ရုပ်သံ)

7 months ago

နိုဝင်ဘာ ၁၅
ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်ဝန်းထဲ၌ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းတို့အား KNDF စစ်ကြောင်းမှ အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင် ၃၀ ကျော် KNDF ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ ၃၀ ကျော် အညံ့ခံလာပါတယ်။ ကျန်တာကထုတ်ပြန်ချက်ထဲက အတိုင်းပါပဲ”ဟု ကရင်နီပြည်မှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁ရက်တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲ ကာ ကျန်ရှိနေသော ခမရ (၆)မှ တပ်ဖွဲ့ဝင်များအား KNDF မှ အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးအား နံနက်ပိုင်းမှ စတင်ခဲ့ပြီးနောက် ညနေပိုင်းတွင် ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန် KNDF ဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး “ကောင်းမြတ်ကို” (ကြည်း – ၄၆၅၉၇) ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
“၁၁.၁၁ စစ်ဆင်ရေး”၏ အစိတ်အပိုင်းတစ်ခုအဖြစ် KNDF စစ်ကြောင်း၏ တတိယနေ့ နိုဝင်ဘာ ၁၃ ရက်နှင့် စတုတ္ထနေ့ နိုဝင်ဘာ ၁၄ ရက် စစ်ဆင်ရေးများတွင် လွိုင်ကော်တက္ကသိုလ်ဝန်းထဲ၌ တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ(၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူး အပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တဝက်နီးပါးကိုပါ ချေမှုန်းခဲ့ကြောင်းလည်း သိရသည်။
အဆိုပါစစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ၂ ရင်းမှ တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော်အား ရှင်းလင်းခဲ့ကြောင်းနှင့် ယင်းစစ်ဆင်ရေးမှ စစ်သုံ့ပန်း ၃၈ ဦး၊ လက်နက်ကြီး၊ လက် နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့‌ကြောင်း၊ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား KNDF ၏ စစ်ဘက်ဆိုင်ရာအက်ဥပဒေနှင့် သုံ့ပန်းဆိုင်ရာ မူဝါဒများအတိုင်း ခံစားခွင့်ပေးထားကြောင်း ဖော်ပြထားသည်။