ရှမ်းပြည်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီစခန်းများဆက်တိုက် အသိမ်းခံနေရ၊ စစ်လက်နက်ပစ္စည်းများအပြင် သံချပ်ကာကားပါ သိမ်းဆည်းရရှိ

8 months ago

တိုက်ပွဲများ ပြင်းထန်ပြီးနောက် မုံးကိုးနယ်စပ်ဂိတ်တွင် MNDAA ၏ အလံစိုက်ထူ
=========
နိုဝင်ဘာ ၈
ရှမ်းပြည်နယ်၊ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသနှင့် တုန်းရှမ်းဒေသတွင်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ အား MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၇ ရက် တစ်ရက်တည်းမှာပင် တပ်စခန်းသုံးခု ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်စခန်းများတွင် အကြမ်းဖက်စစ်ကောင်စီ၏ မုံးကိုးဗျူဟာကုန်းအား နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်အထိ နှစ်ရက်ခန့်အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရကြောင်း၊ နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်တွင် MNDAA နှင့် မုံးကိုးလုံခြုံရေးအဖွဲ့တို့ ပူးပေါင်း၍ ဒရုန်း ပစ်ကူများဖြင့် ၎င်းဗျူဟာကုန်းကို ထပ်မံ ထိုးစစ်တိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ယင်း မုံးကိုးဗျူဟာကုန်းတိုက်ပွဲမှ EE-9 ဘီးအမျိုးအစား သံချပ်ကာ တစ်စီးကို သိမ်းယူရရှိခဲ့ကြောင်းနှင့် ဝီဇာအမြောက် နှစ်လက်ကို ဖျက်ဆီးခဲ့ကြောင်း၊ ယခုအခါ မုံးကိုးနယ်စပ်ဂိတ်တွင် MNDAA အလံ စိုက်ထားပြီဖြစ် ကြောင်း သိရသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် မုံးကိုးဗျူဟာကုန်းအပြင် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသနှင့် တုန်းရှမ်းဒေသတွင် ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းနှစ်ခုကိုလည်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ စခန်းများမှ ရှီးရှမ်းဒေသ၊ တာရွှေထန်နေရာတွင် ရှိသော စစ်ကောင်စီ၏ နံပါတ် ၁၁ စခန်းကို မိနစ် ၃၀ ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်နံနက် ၆ နာရီတွင်လည်းကောင်း၊ နံနက် ၇ နာရီ ၇ မိနစ်တွင် တုန်းရှမ်းဒေသ၊ ပန်းဝါနေရာတွင်ရှိသော စစ်ကောင်စီစခန်းကို စတင်ထိုးစစ် တိုက်ခိုက်လာပြီး ၇ နာရီ ၃၀ မိနစ်တွင် ၎င်းစခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်းလည်း The Kokang တွင် ဖော်ပြချက်အရ သိရသည်။
MNDAA အနေဖြင့် စစ်ဆင်ရေးများဆောင်ရွက်နေသော လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း ၁၁၉ ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူထားနိုင်ကြောင်းလည်း သိရသည်။