ရေစကြိုမြို့၊ ငြိမ်းဇာနီတပ်စခန်းအား တိုက်ခိုက်မှု (ရုပ်သံ) စကစဘက်မှ နှစ်ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိ

7 months ago

နိုဝင်ဘာ ၁၁
မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ငြိမ်းဇာနီတပ်စခန်းအား ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် နံနက်တွင် တော်လှန်ရေးမဟာမိတ်အဖွဲ့များက နှစ်နာရီခန့်ကြာ သွားရောက်တိုက်ခိုက်ခဲ့ပြီး စကစဘက်မှ ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါစခန်းအား သိမ်းနိုင်ခါနီးတွင်မှ ရောက်လာသော စကစစစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ အဆိုပါ တပ်စခန်းမှ စကစနှင့် ပျူများမှ ၅ ဦးမှာ တိုက်ခိုက်မှုအတွင်း ထွက်ပြေးသွားပြီး နှစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ကာ စခန်းအတွင်း ကျန်ရှိသော စကစတပ်သားများမှာလည်း ထိခိုက်သေဆုံးမှုများပြားကြောင်း တပ်တွင်းသတင်းပေးချက်အရ သိရှိရကြောင်း ဖော်ပြထားသည်။
“ငြိမ်းဇာနီစခန်းက နှစ်ထပ်တိုက်ပါ။ အဲဒီမှာ အောက်ပိုင်းကို သိမ်းနိုင်ခဲ့ပြီးပြီ။ အလံတောင် ဖြုတ်တော့မယ့် အနေအထားတစ်ခုမှာ ကျွန်တော်တို့နောက်က ကြားဖြတ်တိုက်ခိုက်တဲ့ စစ်ကူအဖွဲ့က ကျွန်တော်တို့စောင့်နေတဲ့နေရာက မလာဘဲ အိမ်ကြိုအိမ်ကြားတွေကနေ ကာဗာယူလာတဲ့အတွက် ကျွန်တော်တို့ မသိလိုက်ဘဲ ကျွံသွားတာ။ အဲဒါကြောင့် ကျွန်တော်တို့ အရေးပေါ်ပြန်ဆုတ်ခဲ့ရတဲ့ အနေအထားပါ” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
၎င်းတိုက်ခိုက်မှုတွင် MBT တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ ညနေ ၃:၁၅ နာရီတွင် စကစ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်တစ်ဦး အပါအဝင် အခြားထိခိုက်ဒဏ်ရာရမှုလည်း ရှိခဲ့ကြောင်း သိရသည်။
ယင်း ငြိမ်းဇာနီစခန်း တိုက်ခိုက်မှုတွင် Myingyan Black Tiger (MBT)၊ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Popa Production & Guerilla Force (PPGF)၊ မြောင်တပ်ပေါင်းစုနှင့် Thway Thauk Revolution Force တို့ ပါဝင်ခဲ့ကြောင်း သိရသည်။