ရေစကြိုတွင် အကြမ်းဖက်စစ်ကြောင်းထိုးနေချိန် တာဝေးပစ်ရှော့ဒုံးဖြင့် တိုက်ခိုက်၊ စကစနှင့် ပျူ ၃ ဦးသေဆုံး (ရုပ်သံ)

7 months ago

နိုဝင်ဘာ ၁၃
ရေစကြိုမြို့ အမှတ် ၈ သုခဝတီရပ်ကွက်အနီးတွင် အကြမ်းဖက်စကစ စစ်ကြောင်းထိုးနေချိန်တွင် ရေစကြို UG အဖွဲ့မှ တာဝေးပစ်ရှော့ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ စကစနှင့် ပျူ စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
၎င်းစစ်ကြောင်းသည် ရေစကြိုမြို့ ထွေအုပ်ရုံးတွင် တပ်စွဲထားသော စကစတပ်မှ ထွက်လာသော စစ်ကြောင်းဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့က တာဝေးပစ်ရှော့ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာတွင် စကစ ၁ ဦး၊ ပျူ ၂ ဦးတို့ သေဆုံးခဲ့ခြင်းကြောင့် ရေစကြိုပြည်သူ့ဆေးရုံသို့ သယ်ယူသွားကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
“ထွေအုပ်ရုံးမှာ အင်အားက ၁၀၀ ကျော်တယ်။ အခုက အရင်က ၅၀ လောက်ပဲရှိတာ။ စစ်ကြောင်းမှာ စကစ၊ ပျူအင်အား ၈၀ ပါတယ်ဗျ။ နှစ်ဖွဲ့ခွဲပြီး နယ်မြေရှင်းလင်းတာ။ ဒီတိုက်ခိုက်မှုပြီးတော့ စကစက ရွာထဲက ပြည်သူ ၃ ဦးတော့ဖမ်းဆီးခဲ့တယ်။ အခုတော့ ပြန်လွှတ်လိုက်ပြီ” ဟု ရေစကြို UG အဖွဲ့မှ ရဲဘော်အောင်ကြီးက ပြောသည်။
၎င်းတိုက်ခိုက်မှုအပြီးတွင် စကစဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ ဘေးကင်းစွာ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။