ယင်းမာပင်တွင် အင်အား ၁၅၀ ပါ စစ်ကောင်စီ စစ်ကြောင်း ဆီးကြိုတိုက်ခိုက်ခံရပြီး‌နောက် လက်တောင်းငယ်ကျေးရွာရှိ နေအိမ် ၆၀ ခန့်ကို မီးရှို့ဖျက်ဆီး

7 months ago

နိုဝင်ဘာ ၉
ယင်းမာပင်တွင် အင်အား ၁၅၀ ပါ စစ်ကောင်စီ စစ်ကြောင်း ဆီးကြိုတိုက်ခိုက်ခံရပြီး‌နောက် လက်တောင်းငယ်ကျေးရွာရှိ နေအိမ် ၆၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ABSDF Column – 3 က ထုတ်ပြန်ထားသည်။
ပုလဲမြို့မှ ထွက်လာသည့် အဆိုပါ အင်အား ၁၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ယင်းမာပင်မြို့နယ် လက်တောင်းငယ်ကျေးရွာအနီးတွင် ဆီးကြိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း ABSDF Column – 3 မှ တာဝန်ရှိသူကပြောသည်။
အဆိုပါ စစ်ကြောင်းအား နိုဝင်ဘာလ ၈ ရက်နေ့တွင် ABSDF အမှတ်(၁၄)တပ်ရင်း၊ ချင်းတွင်းဒေသနှင့် မဟာမိတ်ညီနောင်များမှ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် ၎င်းစစ်ကောင်စီတပ်သည် လက်တောင်းငယ်ကျေးရွာရှိ နေအိမ် ၆၀ ခန့်ကို မီးရှို့ခဲ့ကြကြောင်း သိရသည်။
“စကစ ၂ ဦးထက်မနည်း ထိခိုက်ပါတယ်။ လက်ရှိက အဲဒီစစ်ကြောင်း ယင်းမာပင်မြို့ထဲ ရောက်သွားပြီလို့ သိရပါတယ်။ အလောင်းတွေ ထိခိုက်သူတွေကို ယင်းမာပင်မြို့အထိ ကားနဲ့သယ်သွားတယ်လို့ သိရပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ခဲ့သည့် ယင်းမာပင်မြို့နယ် လက်တောင်းငယ် ကျေးရွာကို ABSDF အမှတ် (၁၄)တပ်ရင်းနှင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဝင်ရောက် မီးငြှိမ်းသတ်ပေးခဲ့ကြကြောင်းလည်း သိရသည်။