မြို့သိမ်းတိုက်ပွဲ သတင်းအမှား တချို့ကြောင့် ရဲဘော်များနှင့် ပြည်သူများ ထိခိုက်နေရ

7 months ago

“အဲဒီလို သတင်းအမှားတွေ၊ ရှေ့ပြေးပြောတာတွေကြောင့် ဖော်ဆောင်မယ့် မစ်ရှင်တွေ ပျက်တယ်။ ပြီးတော့ အဲဒီနေရာတွေကို လေယာဉ်နဲ့တိုက်ခိုက်တာတွေ ဆက်တိုက်ခံနေရတယ်”
တော်လှန်ရေးရဲဘော်တစ်ဦး
=============
နိုဝင်ဘာ ၁၁
မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးများ နေရာအနှံ့ ဖော်ဆောင်နေချိန်တွင် သတင်းအမှားများစွာလည်း ဆက်တိုက်ပေါ် ထွက်လာခဲ့ကြောင်းနှင့် အဆိုပါသတင်းအမှားများကြောင့် တော်လှန်ရေးတပ်ဖွဲ့များမှာ မစ်ရှင်ဖော်ဆောင်ရန် အခက် အခဲများ ဖြစ်ပေါ်နေရကာ ပြည်သူများလည်း ထိခိုက်မှုကြီးမားနေကြောင်း သိရသည်။
“အခုဆို သတင်းတွေက အမှားတွေ အများကြီး ဖြစ်လာတယ်။ ကလေးသိမ်းတယ်ကစလို့ ထီးချိုင့်မြို့သိမ်းတယ်တွေရော။ အခုက အဲဒီလို သတင်းအမှားတွေ၊ ရှေ့ပြေးပြောတာတွေကြောင့် တကယ်ဖော်ဆောင်မယ့် မစ်ရှင်တွေ ပျက်တယ်။ တကယ်သိမ်းဖို့ ခက်လာစေတယ်။ ပြီးတော့ အဲဒီနေရာတွေကို လေယာဉ်နဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ခံနေရတယ်”ဟု စစ်ကိုင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
ယင်းသို့ မြို့သိမ်းလိုက်ပြီဆိုသော သတင်းအမှားများနှင့် ပတ်သက်၍ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း မေတ္တာရပ်ခံစာ ထုတ်ပြန်ရသည်အထိ သတင်းအမှားများစွာပြန့်နေကာ ယင်းထုတ်ပြန်ချက်တွင် ထီးချိုင့်၌ မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေကြောင်း၊ မြို့သိမ်းနိုင်ပြီဆိုသည်မှာ သတင်းအမှားသာ ဖြစ်ကြောင်း၊ သတင်းအမှားများကို မဖြန့်ခြင်းဖြင့် ရဲဘော်များကို ကူညီရန် လိုအပ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ဇီးကုန်း မြတောင်ရွာများတွင် စခန်းတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ လတ်တလော အချိန်အထိ အမှတ် (၃)လက္ခုပ်ပင်ရပ်ရှိ အိမ်များ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသလို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင်လည်းစစ်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်ဗုံးကြဲသွားကြောင်း၊ မြေပြင်တော်လှန်ရေးရဲဘော်များ အခက်တွေ့စေမည့် သတင်းများ မရေးသားဘဲ ရှောင်ရှားကြရန် မေတ္တာရပ်ခံလိုကြောင်း စသဖြင့် ထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “သတင်းအမှားတွေ ဖြန့်တာက attention ရချင်လို့ လုပ်ကြတယ်လို့ ထင်ပါတယ်။ လတ်တလောမှာ ထီးချိုင့်က ငြိမ်နေပါတယ်။ ကျွန်တော်တို့လည်း မြေပြင်မှာ အာရုံစိုက်နေရပါတယ်” ဟု ပြောသည်။
အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းအဖွဲ့များနှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ၊ PDF များမှ စတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲများမှာ တနိုင်ငံလုံး အတိုင်းအတာအရ အရှိန်အဟုန်ကြီးကြီးဖြင့် လှုပ်ရှားနေကာ ဆက်တိုက်ဆိုသလို စစ်ရေးမစ်ရှင်များစွာ ဖော်ဆောင်နေကြောင်း၊ယင်းသို့သော အခြေအနေများတွင် သတင်းအမှား၊ သတင်း အတုများစွာလည်း ပေါ်ထွက်လာနေကြောင်း သိရသည်။
အဆိုပါ သတင်းအမှားများတွင် ကလေး၊ ထီးချိုင့်၊ ပင်လယ်ဘူး စသော မြို့များအား သိမ်းထားပြီဟူသော သတင်းများအပြင် ပျူစခန်းများနှင့် ပျူခေါင်းဆောင် ဘုန်းကြီး အလင်းဝင်လာသည်ဆိုသော သတင်းအမှားများလည်း ပျံ့နှံ့ထွက်ပေါ်နေကြောင်း သိရသည်။