မြိုင်မြို့နယ် ကန်နီ(ပျူ)ရွာမှ ရွာသူ၊ ရွာသား ၈ ဦး ပြည်သူ့ရင်ခွင်ထံ ခိုလှုံ (ရုပ်သံ)

7 months ago

နိုဝင်ဘာ ၁၁
မြိုင်မြို့နယ် ကန်နီ(ပျူ)ရွာမှ ရွာသူ၊ ရွာသား ၈ ဦး ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက် ခိုလှုံလာခဲ့ကြောင်း Pakokku North PDF အဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ၎င်းပျူရွာတွင် နေထိုင်သူများ အလင်းဝင်ရောက်ကြရန် RC Plane ဖြင့် “လူသားချင်းစာနာ စာချွန်လွှာ” ဖြင့် စာရွက်ချခြင်းများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၉ ရက်နေ့က ယခုလို အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ကန်နီရွာမှာ ပျူအင်အားက ၇၀ ဝန်းကျင် ရှိပါတယ်ဗျ။ အလင်းဝင်လာတာက ရွာသူ၊ ရွာသားတွေပါ။ အခုလို အလင်းဝင်တာက ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ အစောပိုင်းတွေမှာ ရှိခဲ့ဖူးပါတယ်။ အခုဝင်လာတာကကျ ကျွန်တော်တို့ စာချလို့ ကျွန်တော်တို့ စာချတဲ့ စာရွက်လေးကိုင်ပြီး ရွာကနေ ထွက်လာတာပါခင်ဗျ။ ဒီစာရွက်ရလို့ ချိတ်ဆက်ပြီး ထွက်လာတာလည်း မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ စာရွက်လေးတွေကိုင်ပြီး ထွက်လာတာပါ။ အဲဒီမှာ ပြည်သူတချို့က မြင်လို့ နယ်မြေခံအဖွဲ့ကို ချိတ်ဆက်ပေးလိုက်တာပါ။ စာချတော့ စာရတဲ့တွေက တော်တော်ပျော်နေကြတယ်လို့ သိရပါတယ်ဗျ။ အခု ၈ ယောက်ကလည်း စာရတဲ့သူတွေထဲကပါပဲ” ဟု Pakokku North PDF အဖွဲ့တာဝန်ခံ ရဲဘော် ခွာညိုက ပြောသည်။
အဆိုပါ စာရွက်များ ချစဉ်က ပျူခေါင်းဆောင် ကျော်ဆန်းဝင်း က စာများကို လိုက်သိမ်းကြောင်း၊ အချို့ရွာသူရွာသားများက စာကို ဖွက်ထားကြကြောင်း သိရသည်။
“အခု အလင်းဝင်လာသူတွေထဲမှာ မိသားစုလိုက်ဆို မောင်နှမ နှစ်ယောက်၊ ညီအစ်ကို နှစ်‌ယောက်နဲ့ ကျန်တာက တစ်ဦးချင်းစီပါ။ သူတို့ကို ထားရှိထားတာကတော့ နယ်ခံအဖွဲ့တစ်ဖွဲ့ဆီမှာပဲ ထားတာခင်ဗျ။ ကျန်တဲ့ ပျူတွေကို ပြောချင်တာကတော့ လက်နက်ချပြီး အမြန်ဆုံးအလင်းဝင်ပါ။ အလင်းဝင်ရောက်ခြင်းမရှိဘဲ ရှေ့ဆက်လျှောက်နေရင်တော့ သေဖို့ တစ်လမ်းပဲရှိပါတယ်လို့ ပြောချင်ပါတယ်” ရဲဘော် ခွာညိုက ဆက်လက်ပြောခဲ့သည်။