မကွေး၊ ပေါက်မြို့နယ်တွင် တစ်ရက်တည်းမှာပင် တော်လှန်ရေးရဲဘော် ၂၁ ဦး ကျဆုံး

7 months ago

“ထိန်းနိုင်နေတဲ့အချိန်မှာမှ ကိုယ့်ကလေးတွေက ကျွံသွားတာ။ ကလေးတွေ ဘော်ဒီလေးလောင်း ပြန်ရတယ်။ ကျန်တဲ့ကလေးတွေ ကျကုန်တယ်။ အားလုံး ၂၁ ယောက်ပေါ့။ ကျွံသွားတဲ့ ကလေးတွေ အကုန်ကျသွားတယ်”
မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာ
============
နိုဝင်ဘာ ၁၇
မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်းရှိ ဇီးပြားရွာ ရဲစခန်းနှင့်ပျူရွာများအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တော်လှန်ရေး ရဲဘော်၂၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
“တိုက်ပွဲက ခြောက်ရက်ကြာတယ်။ နိုဝင်ဘာ ၁၀ ရက်ကတည်းက စခဲ့တာ။ ဒီပျူရွာမှာ အိမ်ခြေက ၆၀၀၊ ၇၀၀ လောက်ရှိတယ်။ တဖြည်းဖြည်းကပ်ရာကနေ ထိန်းမိသွားတဲ့ အချိန်ပေါ့။ ပထမဆုံးက ရဲဘော်နှစ်ဦး ကျတာပါ။ ကျတာကတော့ နိုဝင်ဘာ ၁၅ မှာ။ ဘန်ကာဝင်စီးချိန် စကျတာ။ နှစ်ယောက်ကျပြီးမှ အထဲမှာ ၁၉ ယောက် ကျသွားပါတယ်။ ဘန်ကာတွေကလည်းများ၊ သူတို့က တော်တော် ကြီးတဲ့ ပျူရွာဆိုတော့ ဘန်ကာ အများကြီး၊ ရာဂဏန်းလောက်ကို ရှိပါတယ်။ ကျဆုံးရဲဘော်တွေက အခုပါတဲ့ အဖွဲ့တွေထဲကပါ။ တစ်ဖွဲ့ကို တစ်ယောက်ကျ၊ နှစ်ယောက်ကျပေါ့လေ။ လုံးဝမကျတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ ထိန်းနိုင်နေတဲ့အချိန်မှာမှ ကိုယ့်ကလေးတွေက ကျွံသွားတာ။ ဘော်ဒီက လေးလောင်းပြန်ရတယ်။ ကျန်တဲ့ကလေးတွေ အထဲမှာ ကျကုန်တယ်။ အားလုံး ၂၁ ယောက်ပေါ့။ ကျွံသွားတဲ့ကလေးတွေ အကုန်ကျသွားတယ်” ဟု မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာ က Spring of Burma Media သို့ပြောသည်။
အဆိုပါ တိုက်ပွဲမှာ နိုဝင်ဘာ ၁၀ ရက်မှ စတင်ဖြစ်ခဲ့သော တိုက်ပွဲဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၁၀ ရက်ညတွင် အကြမ်းဖက် စစ်ကောင်စီမှ ကင်းထောက်ဒရုန်းအား ပစ်ချခဲ့ပြီး ဒရုန်းလာကောက်သော အကြမ်းဖက်စကစ လက်အောက်ခံများအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၁၀ ရက် မှ ၁၄ ရက် အထိ ငါးရက်ဆက်တိုက် အီနာဂါအလုံး ၁၀၀၀ခန့်ဖြင့် နေ့မနား ညမနား တိုက်ခိုက်ခဲ့၍ ရှေ့တန်းရဲဘော်များမှ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူရွာများအား စတင်ချဉ်းကပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ပျူရွာက အရှေ့ဘက်နဲ့ အနောက်ဘက်ရှိတယ်။ အဲဒီမှာရဲစခန်းရှိတယ်။ စ-တွေရှိတယ်၊ ပျူတွေရှိတယ်။ အနောက်ဘက်ကလည်း ပျူတွေပဲ။ နှစ်ရွာပေါင်းပျူအင်အားတော်တော်များတာ။ ကျွန်တော်တို့ ဇီးပြားရွာကို ဝင်လိုက်တော့ ပျူတွေ တော်တော်များများကို ထိန်းမိသွားပြီ။ ပျူတွေလည်းအတော်လေးထွက်ပြေးတာ ဘာညာတွေလုပ်နေပြီ။ အဲဒီအချိန် ကိုယ့်ကလေးတွေက ကျွံသွားတာပေါ့။‌ သူတို့ ပိတ်ဖမ်းတယ် ဘာညာ မဟုတ်ပါဘူး။ အနောက်ကလည်း ကိုယ့်ဘက်က ထိန်းထားနိုင်ပြီဆိုပြီး နေရာယူမှုအရမ်း အားနည်းသွားခဲ့တာကြောင့်ပါ။ ကျဆုံးရဲဘော်တွေ စျပနက ပြီးသွားပါပြီ”ဟု ဗိုလ်လက်ယာက ဆက်၍ပြောခဲ့သည်။
အဆိုပါ တိုက်ပွဲအား မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ ၊ YRF( ပေါက်) ၊ Earthquake Defence Force ၊ တောင်ညိုနဂါးတပ်ဖွဲ့ ၊ Royal 7 တပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ၁၅ ရက် နံနက် ၅ နာရီ အချိန်တွင် ဇီးပြားရဲစခန်းနှင့် ပျူရွာအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇီးပြား ပျူရွာအတွင်းရှိ ဘန်ကာများ၊ ဘူတာရုံရှိ ဘန်ကာများအားလုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ပျူများ စခန်းချနေသော အဆောက်အဦများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်၊ ရဲ၊ ပျူများအပါအဝင် စုစုပေါင်း ၄၀ ခန့် သေဆုံးပြီး ရှေ့ထွက်မိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၈လုံး သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် တိုက်ပွဲဖြစ်နေချိန်အတွင်း ရန်သူ့ဘက်မှ Mi – 35 ဖြင့် လေကြောင်းပစ်ကူများစွာ လာရောက်ခဲ့ကာ Rocket များ၊ စက်လက်များဖြင့် ပစ်ခတ်ခဲ့ပြီး ပေါက် ကပစ (၂၄) မှ ၁၂၀ မမ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ရာဂဏန်းအထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။