ပဲခူးတွင် အကြမ်းဖက် စကစတပ်သားများကို အပို့အကြိုလုပ်ပေးကာ ပြည်သူများအား ဖမ်းခိုင်းနေသော ပျူတစ်ဦး ရှင်းလင်းခံရ (ရုပ်သံ)

8 months ago

“သူက PDF တွေ အသွားအလာသတင်း စုဆောင်းတယ်။အခြားသူတွေကိုလည်း သူ့ဆီ သတင်းပေးခိုင်းတယ်။ သူ့ကြောင့် အဖမ်းခံရသူတွေ မနည်းဘူး။ စောင့်ကြည့်နေတာ ကြာပြီ”
ရဲဘော် ရိုးမမြေ
================
နိုဝင်ဘာ ၅
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများအား အပို့အကြိုလုပ်ပေးနေကာ အရပ်သား ပြည်သူများအား သတင်းပေးဖမ်းဆီးခိုင်းနေသော သတင်းပေး ပျူစောထီးတစ်ဦးအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရှင်းလင်းလိုက်ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းခံရသူမှာ ကျောက်တံခါးမြို့နယ်မှ နာမည်ကြီး စကစထောက်တိုင် မြို့ချောင်းအုပ်ကြီး ထွန်းထွန်းနိုင်၏ လက်ရင်းတပည့် စံညိုဆိုသူဖြစ်ကြောင်းနှင့် ၄င်းအား နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက စခတွေကို ရိုးထဲ အပို့အကြိုလုပ်ပေးနေတာ။ သူ့ဖောကားနဲ့ စခတွေ တင်ပြီး ဇာမဏီဂိတ်ကို ပို့တယ်။ ကျန်ကားသမားတွေက မတင်ဘူး။ အခုကားပေါ်မှာ သူတစ်ယောက်တည်းပဲ ပါတာ။ သူက ကားကို ၄၇ မိုင်မှာ ရပ်တယ်။ ကားပေါ်က ဆင်းပြီး လမ်းဘေးတဲပေါ် ရောက်ပြီးမှ ပစ်တာပါ။ ခုနစ်ချက် ကိစ္စ တစ်ခါတည်း ပြီးတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရိုးမမြေက Spring of Burma Media သို့ ပြောသည်။
စံညိုဆိုသူအား ပဲခူးတိုင်း၊ မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း မိုင်တိုင် ၄၇ အနီးတွင် ရှင်းလင်းခဲ့ ခြင်းဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်း၍ ရိုးမအတွင်းမှ မီးသွေးများ တင်လာသည့် ၄င်း၏ ဖောကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“အဲဒီလို သူက စခတွေကို အပို့အကြိုလုပ်ပေးတော့ စခတွေက သူ့ကို ခိုးသစ်တွေ စျေးနည်းနည်းနဲ့ ရောင်းပေးတယ်။ သူက PDF တွေ အသွားအလာ သတင်းစုဆောင်းတယ်။ အခြားသူတွေကိုလည်း သူ့ဆီ သတင်းပေးခိုင်းတယ်။ မြို့ချောင်းဂိတ်မှာ ပြည်သူသုံးယောက် သူ့ကြောင့် အဖမ်းခံရတယ်။ အဲဒီလူတွေက သာမန် လူတွေပါဗျာ။ သူ့ကြောင့် အဖမ်းခံရသူတွေ မနည်းဘူး။ကျွန်တော်တို့ စောင့်ကြည့်နေတာ ကြာပြီ။ သတင်းရလို့ ကြိုစောင့်နေတာ” ဟု ရဲဘော် ရိုးမမြေက ဆက်၍ ပြောခဲ့သည်။
ရှင်းလင်းခံရသူ စံညိုထံမှ မိုဘိုင်းလ်ဖုန်း သုံးလုံးနှင့် အတူ ငွေသား ၅၅၆၀၀၀ ကျပ်အား သိမ်းဆည်း ရရှိခဲ့ကြောင်းလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ သိရသည်။