ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ခေတ္တရပ်ဆိုင်းမည်ဟု တော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်

7 months ago

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ အဆမတန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရ
=========
နိုဝင်ဘာ ၁၅
မြို့သိမ်းတိုက်‌ပွဲများ ဖော်ဆောင်နေသည့် စစ်ကိုင်းတိုင်း၊ ကသာခရိုင်ရှိ ထီးချိုင့်တွင် အကြမ်းဖက်စစ်ကောင်စီမှလေကြောင်းအင်အား အလွန်အကျွံသုံးတိုက်ခိုက်၍ ပြည်သူများစွာ သေဆုံးနေရသဖြင့် မြို့သိမ်းတိုက်ခိုက်မှုစစ်ဆင်ရေးများ ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးမှ နိုဝင်ဘာ ၁၄ ရက် ညတွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါထီးချိုင့်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအား ရပ်ဆိုင်းကြောင်း ကြေညာသည့်ညမှ စတင်ရပ်ထားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မြေပြင်တွင်အ‌ရေးနိမ့်လာသည့် အခြေအနေများကြောင့် လေကြောင်းမှအဆမတန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထီးချိုင့်မြို့အတွင်းရှိပြည်သူများ ဗုံးစထိမှန်သေဆုံးခဲ့ရကြောင်း၊ ငါးရက်အတွင်းမှာပင် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များအနေဖြင့် ပြည်သူအိုးအိမ်များအပေါ် လူမဆန်စွာ လေကြောင်းအင်အားသုံး တိုက်ခိုက်မှုကြောင့် ထီးချိုင့်မှ လူဦးရေ သုံးသောင်းကျော်စစ်ရှောင်ဘဝသို့ ရောက်ရှိနေရကြောင်း၊ လက်ရှိအချိန်တွင် ရဲဘော်များ၏ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုအချို့နှင့် အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် အသက်အိုးအိမ်ထိခိုက်မှု များစေရန် ရည်ရွယ်ပြုလုပ်နေခြင်းများကြောင့် မြို့သိမ်းတိုက်ခိုက်မှုအား ခေတ္တရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်းလည်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် နိုဝင်ဘာလ ၈ ရက်မှစ၍ တစ်ရက်လျှင် ၈ ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ Thermobaric bomb များ၊ ပေါက်ကွဲအားပြင်းသော ရုရှားလုပ် KAB-500 Bombs များ၊YAK-130 အမျိုးအစား fighter crafts များအပြင် အခြားသော Mi-35P attack helicopters များ အသုံးပြုကာ မြို့တွင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် မပေါက်ကွဲဘဲ ကျန်ရှိနေသော ဗုံးများလည်း တွေ့ရှိထားကြောင်း သိရသည်။
လေယာဉ်ဗုံးစများကြောင့် အိမ်တွင်းပုန်းအောင်းနေကြသော ပြည်သူအများစုမှာ အမည်ဖော်မရအောင် ဆိုးဝါးစွာ သေဆုံးခဲ့ရကြောင်းနှင့် လမ်းမများပေါ်တွင်လည်း သေဆုံးသူအလောင်းများစွာ ရှိနေကြောင်း၊ သေဆုံးသူများတွင် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ မွေးကင်းစ ကလေး သူငယ်များနှင့် အမျိုးသမီးများမှာ ထက်ဝက်ခန့်ပါရှိကြောင်းလည်း ယင်းတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရသိရကာ ထီးချိုင့်၏ လက်ရှိမြို့တွင်းအခြေအနေများနှင့်ပတ်သက်၍ ယင်းတပ်ဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။