စစ်အစိုးရက နှစ်ပေါင်း ၆၀ နီးပါး ထိန်းချုပ်ထားနိုင်ခဲ့သောကွမ်းလုံမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ရက်ပိုင်းအတွင်းသိမ်းပိုက်

7 months ago

“စကစ အရှက်ကွဲတာပဲ။ ကွမ်းလုံရက် ၄၀ ဆိုပြီး သူတို့အမြဲဂုဏ်ယူနေတဲ့ နေရာကြီး ကျသွားတာ စကစရဲ့ အရှုံးကိုဘွင်းဘွင်းကြီး မျက်မြင်တွေ့လိုက်ရတာပဲ”
မြေပြင် စစ်ရေးအရင်းအမြစ်
==========
နိုဝင်ဘာ ၁၃
အကြမ်းဖက်စစ်ကောင်စီ(စစ်အစိုးရ)က နှစ်ပေါင်း ၆၀ နီးပါးအကြာ ထိန်းချုပ်ထားနိုင်ခဲ့သော ကိုးကန့်ဒေသတောင်ပိုင်း၊ သံလွင်မြစ်အရှေ့ဘက်အခြမ်းတွင် ရှိသည့် ကွမ်းလုံမြို့အား MNDAA နှင့် မဟာမိတ်အဖွဲ့များက ရက်ပိုင်း အတွင်း လုံးဝ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
“စကစ အရှက်ကွဲတဲ့ပွဲပဲ။ ကွမ်းလုံကို ဘယ်တော့မှ မကျဘူး ကြွေးကြော်ထားတာ။ ကွမ်းလုံရက် ၄၀ ဆိုပြီး သူတို့အမြဲဂုဏ်ယူနေတဲ့နေရာကြီး ကျသွားတာ စကစရဲ့အရှုံးကိုဘွင်းဘွင်းကြီး မျက်မြင်တွေ့လိုက်ရတာပဲ။ ဒါက သူတို့သိက္ခာကျ အရှက်ကွဲတဲ့ မှတ်တိုင်ပဲ”ဟု မြေပြင်စစ်ရေးအရင်းအမြစ်တစ်ဦးက Spring of Burma Media သို့ ပြောသည်။
အဆိုပါ ကွမ်းလုံမြို့သိမ်းတိုက်ပွဲအား နိုဝင်ဘာ ၁ ရက်တွင်စတင်ဖော်ဆောင်ခဲ့ကြောင်းနှင့် ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် အုပ်ချုပ်ရေးဌာနများကို ကိုးကန့် (MNDAA) နှင့် မဟာမိတ်အဖွဲ့များက ပူးတွဲထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ယာဉ်ထိန်းရဲရုံးများနှင့်မြို့နယ်အုပ်ချုပ်‌ရေးရုံးများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယခုအခါ ကိုးကန့် MNDAA နှင့် မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံမြို့တစ်ခုလုံးအတွင်းရှိအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့ကို လုံးထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်းThe Kokang မှ သိရသည်။
အထူးဒေသ(၁)၏ အုပ်ချုပ်နယ်မြေဖြစ်သော ကွမ်းလုံမြို့မှာ အကြမ်းဖက်စစ်ကောင်စီ၏ နှစ်ပေါင်းရှည်ကြာထိန်းချုပ်ထားနိုင်ခဲ့သော အခိုင်အမာနယ်မြေတစ်ခုဖြစ်ကာယင်းနယ်မြေအား ၁၀၂၇ စစ်ဆင်ရေးကြီး၏ အစိတ်အပိုင်း တစ်ခုအဖြစ် မစ်ရှင်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊MNDAA နှင့် မဟာမိတ်အဖွဲ့များ၏ ပူးတွဲဆောင်ရွက်မှုတို့ဖြင့် ကွမ်းလုံ – နန်ဟူ – ချင်းရွှေဟော် – တုန်ရှမ်းဒေသ တာတုံအထိ နေရာတကြောလုံးအား သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ)စသည့်နေရာများရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်မှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ကြီးမားသော သမိုင်းဝင်အောင်မြင်မှု ဖြစ်ကြောင်းလည်း သိရသည်။