စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို TNLA ထပ်မံသိမ်းပိုက်၊ စစ်ကား လေးစီးကို ဖျက်ဆီး (ရုပ်သံ)

7 months ago

နိုဝင်ဘာ ၅
၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို ယနေ့ နိုဝင်ဘာ ၅ ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကား လေးစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားသည်။
တအာင်းပြည်နယ်၊ တပ်မဟာ (၃)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ မန်ဝင်တပ်စခန်းကို ယနေ့နံနက် ၆း၀၀ နာရီတွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မဟာ(၄) စစ်ဒေသ၊ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကိုလည်း နံနက် ၆ နာရီတွင်ပင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် တပ်မဟာ(၄) စစ်ဒေသ၊ လားရှိုးနှင့် သိန္နီကြား (၁၄ မိုင် နှင့် ၁၅မိုင်)ကြားရှိ နမ့်တွန်ကျေးရွာတွင် စစ်ကား လေးစီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၅း၀၀ နာရီတွင် တအာင်းတပ်မတော် PSLF/TNLA မှ ဖြတ်တိုက်ခဲ့ပြီး လက်နက် ၂ လက်၊ စစ်အသုံးဆောင်ပစ္စည်းများနှင့် စစ်ကား လေးစီး သိမ်းဆည်းရမိ ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။