ကွမ်းလုံအသိမ်းခံရပြီးနောက် ပါစင်ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များ ထပ်မံသိမ်းပိုက်

7 months ago

ကွမ်းလုံတွင် MNDAA နှင့်အဖွဲ့ ခိုးကြောင် ခိုးဝှက်ဓာတ်ပုံဝင်လာရိုက်ခြင်းဖြစ်သည်ဟု အကြမ်းဖက်စကစဘက်မှ ပြောကြားချိန်တွင် ကွမ်းလုံနှင့် ပါစင်ကျော် သိမ်းပိုက်ထားသော မှတ်တမ်းရုပ်သံများ ထွက်ပေါ်လာ
===========
နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ၏ ထိန်းချုပ်နယ်မြေဖြစ်ခဲ့သော ကွမ်းလုံမြို့နှင့်အတူ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၏ အုပ်ချုပ်ရေးရုံးရှိရာ ရှီးယွင်ကြည်ရွာ (ပါစင်ကျော်)ကို MNDAAနှင့် မဟာမိတ်အဖွဲ့များကနိုဝင်ဘာ ၁၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှီးယွင်ကြည်ရွာ(ပါစင်ကျော်)မှာ အကြမ်းဖက်စစ်ကောင်စီ၏ အရေးပါသော အုပ်ချုပ်နယ်မြေတစ်ခုဖြစ်ကာ ကွမ်းလုံ အသိမ်းခံရပြီးနောက် ဆက်တိုက်ဆိုသလို ထပ်မံအသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်သိမ်းပိုက်မှုများနှင့် ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ တာဝန်ရှိသူက ၄င်းတို့၏ ဝါဒဖြန့် မီဒီယာတွင် ပြောကြားရာ၌ ကွမ်းလုံတွင် စစ်ဗျူဟာအရ ဟ ပေးထားသော နေရာများရှိကြောင်း၊ ယင်းနေရာများကို MNDAAအဖွဲ့က ခိုးကြောင်ခိုးဝှက်ဖြင့် ဝင်ရောက်လာပြီး ဓာတ်ပုံရိုက်သွားသည့် ပုံစံမျိုးရှိကြောင်း ပြောခဲ့ပြီး ၁၂ ရက် ညအထိ ရှမ်းမြောက် ကိုးကန့်ဒေသတွင် တိုက်ပွဲများဖြစ်နေဆဲဖြစ်ကြောင်းနှင့် နယ်ခြား မှတ်တိုင် ၁၂၅ နားတွင် ရှိသော စစ်ဘေးရှောင်များကိုလည်း MNDAAအဖွဲ့ကနှစ်နိုင်ငံ အထင်အမြင်လွဲစေရန်အတွက် လက်နက်ကြီးဖြင့်ပစ်ခဲ့ကြောင်း စသဖြင့် ပြောခဲ့သလို ယင်းနောက်မှာပင် ကွမ်းလုံမြို့သိမ်းအောင်ပွဲခံရုပ်သံများနှင့် ရှီးယွင်ကြည်ရွာ(ပါစင်ကျော်) အသိမ်းခံရသည့် ရုပ်သံများကို တော်လှန်ရေးတပ်ဖွဲ့များမှ ထုတ်ဖော်လာခဲ့ခြင်းဖြစ်သည်။
(၁၀၂၇)စစ်ဆင်ရေး Operation ၏ ဆက်တိုက်လုပ်ဆောင်မှုများအဖြစ် ညီနောင်မဟာမိတ်တပ်ဖွဲ့မှ စစ်ကောင်စီ၏ ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ရွာအုပ်စုရှိ စစ်ဆေးရေးဂိတ်တစ်ခုကို နိုဝင်ဘာ ၁၃ ရက်တွင် သိမ်းယူထားကြောင်းနှင့် ၁၀၂၇ စစ်ဆင်ရေး ၁၈ ရက်အတွင်း နိုဝင်ဘာ ၁၃ ရက်အထိ ညီ‌နောင်မဟာမိတ်တပ်ဖွဲ့တို့မှ စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အသေး စုစုပေါင်း ၁၄၁ ခု သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း The KoKang တွင် ဖော်ပြချက်အရ သိရသည်။