ကျိုက်မရောတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၆ ဦး လက်နက်ချ အညံ့ခံလာ (ရုပ်သံ)

7 months ago

“လက်နက်ချလာတာ၂၆ ယောက်၊ ဒုရင်းမှူး အပါအဝင် အသေတွေများတယ်။ အရှင်မိတာတွေလည်း ရှိတယ်”
မြေပြင် စစ်သတင်းအရင်းအမြစ်
=========
နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံလာကြောင်း မြေပြင်စစ်သတင်းအရင်းအမြစ်ထံမှ သိရသည်။
“လက်နက်ချလာတာ၂၆ ယောက်၊ ဒုရင်းမှူး အပါအဝင် အသေတွေများတယ်။ အရှင်မိတာတွေလည်း ရှိတယ်။ တိုက်ပွဲက မပြီးသေးဘူး။ အခု စစ်ကူလာတဲ့ အဖွဲ့တွေ တိုက်နေတယ်”ဟု မြေပြင်စစ်သတင်းအရင်းအမြစ်က Spring of Burma Media သို့ ပြောသည်။
အဆိုပါ လက်နက်ချလာသော တပ်မှာ ချောင်းနှစ်ခွသို့စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ ဖြစ်ကာ
ယင်းစစ်ကြောင်းမှာ အင်အား ၅၀ ခန့်ရှိသော စစ်ကြောင်းဖြစ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာမှလည်း ၂၃ ဦး လက်နက်ချ အညံ့ခံလာသည်ဟု ထုတ်ပြန်ထားကာ ယင်းတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိတစ်ဦး အပါအဝင် ၁၄ ဦး သေဆုံးပြီး၊ အရာရှိတစ်ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကြောင်း၊ နောက်ထပ် အရာရှိ တစ်ဦးအပါအဝင် ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
“ဒီကောင်တွေ စိတ်ဓာတ်က ပျက်နေတာ။ အရှေ့မှာလည်း အကျများထားတာ ရှိတာကိုး။ အဲဒီဘက်မှာ ဒီရက်က တိုက်ပွဲကလည်း တအားပြင်းထန်နေတာ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတွင် တိုက်ပွဲများပြင်းထန်နေကာ ချောင်းနှစ်ခွ နယ်မြေရဲစခန်းနှင့် အတ္ထံရံတံတား စစ်ဆေးရေးဂိတ်ကိုလည်း နိုဝင်ဘာ ၁၃ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအား ဂဠုန်တပ်ဖွဲ့ နှင့် တော်လှန်ရေးအင်အားစုများ၊ ဒေသခံတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။