ကသာတွင် အကြမ်းဖက်တပ်၏ သင်္ဘောတစ်စီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရရှိပြီး စကစ ငါးဦးထက်မနည်း သေဆုံး

7 months ago

နိုဝင်ဘာ ၆
အကြမ်းဖက် စကစတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသော သင်္ဘောနှစ်စီးအား ကသာမြို့နယ်အတွင်း တွင် တော်လှန်ရေးတပ်ပေါင်းစုများက သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် သန်ခွန်မော်တော်ရေယာဉ် (ခေါ်) သင်္ဘောတစ်စီး ရရှိခဲ့ပြီး စကစ ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဗန်းမော်သို့ ဆန်တက်လာသော အဆိုပါ သင်္ဘောနှစ်စီးအား တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၃ ရက်နေ့က စတင်ပြီး သုံးရက်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။
“ဖြစ်တာက နိုဝင်ဘာ ၅ ရက်နေ့က အပြီးသတ်ပေါ့။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ သူတို့က ဒီသန်ခွန်ကို စွန့်ပစ်ထားပြီးတော့မှ နောက်ထပ်တစ်စီးနဲ့ ပြန်လာခေါ်သွားရတာပေါ့။ စက်ခန်းလည်း ပျက်စီးသွားတယ်။ သောင်ကလည်း တင်သွားတယ်။ အဲဒီတော့ သူတို့ရှေ့ဆက်ပြီး သွားမရလို့ အသေအပျောက်တွေရော ဒဏ်ရာရတဲ့သူတွေကိုရော နောက်သန်ခွန်တစ်စီးနဲ့ ပြန်သယ်သွားကြတယ်” ဟု မိုးတားတိုက်နယ် (ပကဖ)၊ ကသာမြို့နယ်၏ ဒုတာဝန်ခံက Spring Of Burma Media သို့ ပြောသည်။
အဆိုပါ သင်္ဘောတွင် အကြမ်းဖက်စစ်တပ် လူအင်အား ၇၀ ခန့်ပါရှိပြီး ကသာမြို့မှ ပြည်သူပိုင် သင်္ဘောကို ချောဆွဲကာ ဆန်တက်လာခြင်းဖြစ်ကြောင်း အခြားသော တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ကသာမြို့ကနေ ဘိလပ်မြေတင်တဲ့ သန်ခွန်ကို ချောဆွဲခဲ့တာ။ ချောဆွဲခဲ့တာ ပထမဦးဆုံးရက်က သူတို့ ချောဆွဲပြီး ဆန်ခဲ့ပေမယ့် ဒီမှာ ၁၀၇ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ လက်နက်ကြီးတွေနဲ့ ပစ်၊ ၆၀ မမတွေနဲ့ ပစ်၊ ဒရုန်းတွေနဲ့ချတော့ ဘယ်လိုမှ ဆန်မတက်နိုင်လို့ ပြန်သွားရတာ။ နောက်နေ့မှ သန်ခွန်ကို ပြန်ပြင်ဆင် ဘိလပ်မြေအိတ်တွေနဲ့ ပြန်ကာပြီးတော့မှ အင်အားတွေ ပြန်ဖြည့်ပြီးတော့မှ ထပ်သယ်လာတာ” ဟု ‌ဆိုသည်။
မိုးတားတိုက်နယ် (ပကဖ)၊ EAO စစ်ကြောင်းနှင့် မြို့လှ KPDF တို့က အကြမ်းဖက်တပ်ဖွဲ့ဝင်များအား ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ် KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တိုက်ပွဲအခြေအနေ ပြင်းထန်နေသည့်အလျောက် အကြမ်းဖက်စစ်တပ်သည် လူအင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းရန် သင်္ဘောဖြင့် ဧရာဝတီမြစ်ကြောင်းကို မကြာခဏ အသုံးပြုလျက်ရှိသည်။