ကန့်ဘလူ၊ ညောင်ဇင်လေးရွာမှ တက်လာသော ပျူများအား တော်လှန်ရေးအဖွဲ့များ ပူးပေါင်း ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများ ရှိနိုင် (ရုပ်သံ)

7 months ago

နိုဝင်ဘာ ၁၇
ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေးရွာမှ တက်လာသော ပျူများအား တော်လှန်ရေးအဖွဲ့များပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိနိုင်ပြီး ၎င်းပျူများ ပြန်ဆုတ်ခွာသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၅ ရက်‌နေ့က ညောင်ဇင်လေး(ပျူ)ရွာမှ ညောင်ဇင်ကြီးရွာဘက်သို့ တက်လာသော ပျူများအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အင်အား နှစ်ဆယ်ကျော်၊ သုံးဆယ်လောက်လောက် တက်လာတာ။ သေနတ်တွေပစ်ပြီး တက်လာတာ။ ကျွန်တော်တို့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေ ဝိုင်းပြုံပြီး ပြန်ပစ်တာ။ ဒီကောင်တွေ ရှေ့တက်မလာရဲတော့ဘူး။ သေချာနေရာယူပြီး ပြန်ပစ်တာ အထိအခိုက်ရှိနိုင်တယ်။ တမနက်လုံးနီးပါး အပြန်အလှန်ပစ်ကြတာ။ ကျွန်တော်တို့ဘက်တော့ အထိအခိုက်မရှိဘူး” ဟု (PLA) ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအပြီးတွင် စကစဘက်က ဟောင်ဝင်ဇာဖြင့်ပစ်သဖြင့် မင်းကုန်းရွာနှင့် ညောင်ဇင်ကြီးရွာတို့တွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူများ အထိတ်တလန့်ဖြစ်ကြရ‌ကြောင်း သိရသည်။
ညောင်ဇင်ကြီးရွာသည် ညောင်ဇင်လေး၊ သင်ပေါင်းကျင်း(ပျူ)ရွာတို့နှင့် နယ်နိမိတ် ဆက်စပ်နေသောကြောင့် အမြဲတစေ စကစလက်ပါးစေ ပျူများ၏ ​နှောင့်ယှက်တိုက်ခိုက်ခြင်းကိုခံနေရ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအများစုကိုပစ်ပယ်ထားရသည့်ရွာ ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူနယ်သည် ပျူအားကောင်းသည့်နယ်ဖြစ်ပြီး တော်လှန်ရေးရဲဘော်များလည်း စစ်ရေးသတိအမြဲရှိနေကြရကာ ထိတွေ့တိုက်ပွဲများလည်း မကြာခဏ ဖြစ်နေကြရကြောင်းလည်း သိရသည်။