• အကြမ်းဖက်စစ်ကောင်စီက အရပ်သုံးကားများအား ဖမ်းဆီးအသုံးပြုနေခြင်းကြောင့် အမှတ်(၈) ပြည်ထောင်စုလမ်းမ လမ်းပိုင်းတစ်ခုအား ကန့်သတ်အသုံးပြုရန် တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်

      ဧပြီ ၁
      အကြမ်းဖက်စစ်ကောင်စီက အရပ်သုံးကားများ အသုံးပြု၍ သွားလာခြင်း၊ အရပ်သားပြည်သူအသွင်ဖြင့် စစ်အင်အားဖြည့်တင်းခြင်းများကို ပြုလုပ်နေခြင်းကြောင့် အမှတ်(၈) ပြည်ထောင်စုလမ်းမ (ရေးမြို့တောင်ပိုင်းမှ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အထိ)အား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်လိုက်သည်။
      May be an image of 8 people and text that says "ABSOF"
      “ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ဂရုစိုက်သွားလာဖို့ ပစ်ခတ်မှုဖြစ်ရင် ယာဥ်ရပ်ထားပေးဖို့ ဖြည့်စွက်ပြောလိုပါတယ်။ စစ်ကောင်စီက ညဘက်မှာ အရပ်ဖက်သုံးကားတွေ သုံးလာတယ်။ ဒါကြောင့် စာထုတ်ရတာပေါ့” ဟု ဒေါနစစ်ကြောင်း၊ ဗျူဟာ (၃၃)၏ စစ်ဆင်ရေးမှူး စောဒါးကိုက ဆိုသည်။
      အမှတ်(၃)စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား တန်ပြန်ထိုးစစ်ဆင်ကာ စစ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန်အတွက် ယင်းသို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။
      “ကျွန်တော်တို့ သတင်းရတာကတော့ စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ ကားကို ထိန်းပြီး သူတို့လိုအပ်တဲ့အခါ သွားနိုင်အောင် ဖမ်းထားတာ ထိန်းထားတာတွေ ရှိနေပါတယ်။ စစ်ကောင်စီဘက်က ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ သုံးနေတာရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ အရေးကြီးကိစ္စမရှိရင် မသွားကြဖို့၊ တကယ်လို့ သွားရမယ့်ကိစ္စ ရှိတယ်ဆိုလည်း ကားမှန်ချပြီး သွားကြဖို့၊ ကျွန်တော်တို့ရဲ့ စစ်ဆေးမှုတွေကိုလည်း ကြည်ဖြူစွာလက်ခံပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါနစစ်ကြောင်း၏ စစ်ကြောင်းတာဝန်ခံ ကိုရန်နိုင်ကလည်း ပြောသည်။
      May be an image of 5 people and text
      သတ်မှတ်လမ်းပိုင်းအတွင်း နေ့အချိန် ခရီးသွားလာရာတွင် မော်တော်ယာဥ်များ မှန်ချမောင်း၍ တာဝန်အရ စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရမည်ဖြစ်ပြီး အထက်ပါထုတ်ပြန်ချက်အား လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့်အကျိုးဆက်များအား ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများမှ လုံးဝတာဝန်ယူမည် မဟုတ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
      ပုံစာ – အမှတ်(၈)ပြည်ထောင်စုလမ်းမတွင် တော်လှန်ရေးအဖွဲ့များက မတ် ၁၉ ရက်နေ့၌ နယ်မြေစိုးမိုးမှု ဆောင်ရွက်ခဲ့စဉ်။

  • ဖာပွန် အခြေစိုက် ခလရ ၁၉ တပ်ရင်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ၈ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ

      ဧပြီ ၁
      ဖာပွန် အခြေစိုက် ခလရ ၁၉ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးများကြဲချခဲ့ရာ ပြည်သူ ၈ ဦးခန့် သေဆုံးခဲ့ရကြောင်း မြေပြင်တော်လှန်ရေး အရာရှိတစ်ဦးထံမှ သိရသည်။
      No photo description available.
      ခလရ ၁၉ တပ်ရင်းကို မတ် ၃၀ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးများ ဆက်တိုက်ကြဲချခဲ့ကြောင်း၊ မတ် ၃၁ ရက် နေ့လယ် ၁ နာရီခန့်က ဖာပွန်မြို့ မြို့မရွှေကျောင်း ဘုန်းကြီးကျောင်းသို့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ ၈ ဦးခန့် သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။
      “ခလရ ၁၉ ကို ပြန်ယူဖို့ ကြိုးစားတဲ့အပိုင်းလည်း ရှိတယ်။ လေ‌ယာဉ်နဲ့ ဗုံးကြဲတဲ့အခါမှာ ဖာပွန်မှာ ဘာမှမရှိတော့ဘူး။ လူထုပဲ ရှိတယ်။ ဒါကတော့ တမင်သက်သက် လူထုကို ပစ်မှတ်ထား လုပ်တဲ့ပုံစံမျိုးပဲ။ တနည်းအားဖြင့် တော်လှန်ရေး ဘက်တော်သားတွေ‌နဲ့ ပြည်သူအကြား ရန်တိုက်ပေးသလိုပေါ့။ ခင်ဗျားတို့ စစ်ဆင်ရေးလုပ်လို့ လူထုတွေ ဒီလိုဖြစ်ရတယ်ဆိုတာမျိုးဖြစ်အောင် လူထုကို သဲကြီးမဲကြီး လိုက်ဒုက္ခပေးနေတဲ့ ပုံစံမျိုးလို့ သုံးသပ်မိတယ်” ဟု အဆိုပါ တော်လှန်ရေးအရာရှိက ဆိုသည်။
      May be an image of 4 people, slow loris and text that says "and got bombed"
      လက်ရှိတွင်လည်း စစ်ကောင်စီက လေကြောင်းဖြင့် ဆက်လက်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျန်ရှိသည့် ပြည်သူများက နီးစပ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြပြီဖြစ်ကြောင်း သိရသည်။
      စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား Free Burma Rangers အဖွဲ့ကလည်း သွားရောက်ကူညီ ဆေးကုသပေးမှုများ ပြုလုပ်ခဲ့သည်။
      KNLA ပူးပေါင်းတပ်က စစ်ကောင်စီ တပ်ရင်း ၂ ခုဖြစ်သည့် (စစန) ၆၄၂ နှင့် ခလရ ၁၉ ကို သိမ်းပိုက်ရာတွင် လက်နက်တိုက် ၇ လုံးပါ ပါဝင်သောကြောင့် လက်နက်မြောက်မြားစွာလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျန်ရှိ‌သော တပ်ရင်း ၄ ခု ထပ်မံ မကျဆုံး‌စေရန် စစ်ကောင်စီတပ်များက လေယာဥ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ခုခံနေခြင်းဖြစ်ကြောင်း မြေပြင်ရဲဘော်တစ်ဦးကလည်း ဆိုထားသည်။
      Shwe/SOB
      May be an image of 3 people, clothes iron and hospital

  • စစ်ကောင်စီ၏ သတင်းမှားများအား ယုံကြည်ပြီး ဆီဆိုင်မြို့တွင်း မဝင်ကြရန် PNLA သတိပေး

      မတ် ၃၁
      အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူအား လူသားဒိုင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထုများအား ဆီဆိုင်မြို့တွင်း ပြန်ဝင်နိုင်ပြီဖြစ်ကြောင်း သတင်းအမှားများ ဖြန့်နေခြင်းအား သတိပြုကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတိပေးထားသည်။
      No photo description available.
      လက်ရှိဆီဆိုင်မြို့တွင်းသည် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ ဖြစ်ပြီး စစ်ကောင်စီသည် မြို့တွင်းသို့ စစ်ကြောင်းထိုးလာသဖြင့် မြို့သည် စစ်ဇုန်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် လူထုတချို့ကို ပအိုဝ်း၀တ်စုံ ၀တ်ဆင်စေပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့တွင်းနေရာအချို့တွင် ဓာတ်ပုံ၀င်ရိုက်ကြသည်ကို တွေ့မြင်ရကြောင်း၊ စစ်ကောင်စီက လူထုကို လူသားဒိုင်းလုပ်ထားသဖြင့် တော်လှန်ရေးအင်အားစုက တိုက်ခိုက်မှုမပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
      လက်ရှိတွင် စစ်ကောင်စီသည် အင်အားဖြည့်တင်းကာ ဆီဆိုင်မြို့ကို ပစ်ခတ်ဖျက်ဆီးနေလျက်ရှိသဖြင့် တိုက်ပွဲလည်းဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။
      No photo description available.
      သတင်းအမှားများကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခံရနိုင်ပြီး မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်ပွားနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်နှင့် တိုက်ပွဲအကြား မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန် အထူးတိုက်တွန်းအပ်ကြောင်းလည်း ဆိုထားသည်။

  • လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်၊ တပ်ရင်း ၃ မှ သင်တန်းသားသစ်များ ခေါ်ယူမည်

      မတ် ၃၁
      လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်၊ တပ်ရင်း ၃ (Loikaw Local PDF Alpha 3) မှ သင်တန်းသားသစ်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါတပ်ရင်းမှ တာဝန်ရှိသူ ကိုညီညီက ပြောသည်။
      သင်တန်းသားသစ်များကို ဧပြီ ၁ ရက်နေ့တွင် စတင်ခေါ်ယူမည်ဖြစ်ပြီး Loikaw Local PDF Alpha 3 အပတ်စဉ် (၃) အတွက် ခေါ်ယူခြင်းဖြစ်ကြောင်းနှင့် သင်တန်းသားဦးရေ မကန့်သတ်ထားကြောင်း သိရသည်။
      “အဓိက လွိုင်ကော် နယ်ခံတွေကို ဦးစားပေးခေါ်မှာပါ။ တခြားမြို့တွေက တော်လှန်ရေး စိတ်အားထက်သန်သူတွေလည်း ခေါ်ပါမယ်ဗျ။ သင်တန်းသားသစ်တွေအနေနဲ့ အတတ်နိုင်ဆုံး အင်အား အပြည့်အဝ ပါစေချင်တယ်။ တော်လှန်ရေးမှာလည်း လူငယ်တိုင်း၊ လူကြီးတိုင်း ကျရာကဏ္ဍမှာ ပါစေချင်တယ်။ အဓိက ကိုယ့်မြို့ကိုယ် ကာကွယ်တဲ့နေရာမှာ ပါစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
      စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်တွင်လည်း တပ်ရင်းထံ ဆက်သွယ်ဝင်ရောက်လာသည့် လူငယ် ၁၅ ဦးခန့် ရှိကြောင်းလည်း သိရသည်။
      လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်၊ တပ်ရင်း ၃ တွင် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသားများအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး ပင်ပန်ဆင်းရဲဒဏ်ခံနိုင်ရမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အနည်းဆုံး ၂ နှစ် စစ်မှုထမ်းနိုင်ရမည်ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်းဖြစ်ရမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ရန်နှင့် အာဏာရှင်စနစ်ကို အဆုံးတိုင် တိုက်ဖျက်ရန် စိတ်အားထက်သန်သူဖြစ်ရမည်ဖြစ်ကြောင်း စသည့် စည်းမျဉ်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရသည်။