အွန်လိုင်းမှ လောင်းကစားလုပ်ကာ ငွေလိမ်နေသည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ‘ဝ’ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးကာ တရုတ်ရဲထံ လွှဲပြောင်း

10 months ago

စက်တင်ဘာ ၈
လောင်းကစားလုပ်ငန်းများကို အွန်လိုင်းမှတဆင့် လုပ်ကိုင်ပြီး ငွေလိမ်စားနေကြသည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ‘ဝ’ ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အွန်လိုင်းမှတဆင့် လောင်းကစားလုပ်ကာ ဂိုဏ်းဖွဲ့ပြီး ငွေလိမ်နေကြသည့် တရုတ်နိုင်ငံသား ၁၂၀၇ ဦးအား စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် တရုတ်နိုင်ငံဘက်ဆီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောသည်။
အဆိုပါသတင်းကို ‘ဝ’ သတင်းမီဒီယာ WSTV ကလည်း ဖော်ပြထားရာ တရုတ်နိုင်ငံသား အမျိုးသမီးများလည်း ပါဝင်နေကြသည်ကို တွေ့ရသည်။
“ပြည်တွင်းမှာ နိုင်ငံရေးကမကောင်း၊ အလုပ်အကိုင်တွေကလည်း မကောင်းကြတော့ ငွေကိုလွယ်လွယ်နဲ့ ရမယ်ထင်တဲ့ လောင်းကစားတွေဆီ အာရုံရောက်ကြတယ်။ စစ်ကောင်စီက ဒါကို လွှတ်ပေးထားတယ်လေ။ အခုက တရုတ်ရဲ့ဖိအားကြောင့် စစ်ကောင်စီရော လက်နက်ကိုင်တပ်ဖွဲ့တွေရော မလွန်ဆန်ရဲကြဘူး” ဟု အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် နေ ပြည်တော်၌ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းပေးရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အွန်လိုင်းမှငွေလိမ်သူ တရုတ်နိုင်ငံသား ၂၄ ဦးကို ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိကာ တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
AMMH
Photo – WSTV

ထိုင်းနိုင်ငံ အန်ထော်ခရိုင်၌ စာသင်ကြားနေသည့် မြန်မာကလေး ၁၂၀ ကျော် အဖမ်းခံရ၊ မြန်မာပြည် ပြန်ပို့မည်ဟု သိရ လက်ခံထားသော ကျောင်းကိုလည်း ထိုင်းအာဏာပိုင်များက တရားစွဲထားဟုဆို (ဇူလိုင် ၇)

12 months ago

ထိုင်းနိုင်ငံ၊ အန်ထော်ခရိုင်ရှိ Thairath Wittaya 6 ကျောင်း၌ စာသင်ကြားနေကြသည့် မြန်မာကျောင်း သား ၁၂၆ ဦးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံဘက်ကို ပြန်ပို့မည်ဖြစ် ကြောင်း ဇူလိုင် ၇ ရက် ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားကြောင်း သိရသည်။
အန်ထော်ခရိုင်သည် ထိုင်းနိုင်ငံအလယ်ပိုင်းမှ ခရိုင်မြို့တစ်ခုဖြစ်ကာ ယခုလိုအထောက်အထားမဲ့သည့် မြန်မာကျောင်းသားများကို လက်ခံထားသည်ဟုဆိုပြီး Thairath Wittaya 6 ကျောင်း တာ‌ဝန်ရှိသူများကို ထိုင်းအာဏာပိုင်များက တရားစွဲထားကြောင်းလည်း သိရသည်။
၎င်းကလေးများသည် အသက် ၇ နှစ်မှ ၁၆ နှစ်အရွယ်ရှိကြသူများဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လမှစကာ အဆိုပါကျောင်းတွင် စာသင်ကြားနေကြခြင်းဖြစ်ကာ ထိုကလေးများအား အထောက်အထားမဲ့သူများဆိုသည့် အကြောင်းပြချက်ဖြင့် ယခုလိုဖမ်းဆီးခြင်းဖြစ်ကာ ချင်းရိုင်ခရိုင် မြန်မာ- ထိုင်း နယ်စပ်မှတဆင့် မြန်မာပြည်ဘက်သို့ ပြန်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။
ကလေးအယောက် ၃၀ ကို ၎င်းတို့၏မိဘများမှ ခေါ်ယူသွားသည့်အတွက် နေရပ်ပြန်ပို့ပေးခဲ့ပြီး ကျန်ကလေးများအား ချင်းရိုင်မြို့ လူမှုဖွံ့ဖြိုးရေးနှင့် လူသားချင်းလုံခြုံမှုဆိုင်ရာခရိုင်ရုံး (the Social Development and Human Security Provincial Office) တွင် ခေတ္တနေထိုင်ခွင့်ပေးထားကြောင်း သိ ရသည်။
၎င်းတို့ကို နေရပ်ပြန်ပို့မည့်အစား ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (the Department Of Provincial Administration)မှ နိုင်ငံမဲ့ကလေးများဆိုသည့် အထောက်အထားထုတ်ပေးကာ ပညာရေးစနစ်တွင် စာရင်းသွင်းပေး၍ရကြောင်း ဥပဒေကျွမ်းကျင်သူ ချင်းမိုင်တက္ကသိုလ်၊ ဥပဒေဌာနက လက်ထောက် ပါမောက္ခ Darunee Paisanpanichkul က ပြောထားကြောင်း သိရသည်။
“ထိုင်းမှာမွေးစာရင်းပြနိုင်ရင် အသက် ၁၅ နှစ်လောက်အထိ နေထိုင်ခွင့်ရှိတယ်။ ကျောင်းတက်လို့ရတယ် လို့ သိထားရပါတယ်ဗျ။ ဒါပေမယ့်လည်း ဒီကလေးတွေက အသက်မပြည့်သေးတဲ့ကလေးတွေဆိုတော့ ခုလိုမျိုးတော့ မလုပ်သင့်ဘူးလေ။ မြန်မာပြည်ဘက်ကနေလည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်လာ ကြသူတွေရှိတာပဲ။ ကိုယ့်ကလေးတွေ ပညာရေးမနှောင့်နှေးဖို့ ခုလို ကျောင်းထားရတာပဲလေ” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
မြန်မာကျောင်းသားများကို နေရပ်ပြန်ပို့ရန်စီစဉ်သည့် ထိုင်းအာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို ထိုင်းပညာရေးအသိုင်းအဝိုင်းက ရှုတ်ချနေသည့်အကြောင်း ထိုင်းဘက်မှလာသည့် သတင်းများတွင် ဖော်ပြထားသည်။
ပုံစာ – Thairath Wittaya ကျောင်းတစ်ကျောင်းအားတွေ့ရစဉ်။
Photo – Thai Rath Online

ထိုင်းနိုင်ငံ ဖရာ့နခွန်စီအယုဒ္ဓယမြို့ မြစ်ထိန်းနံရံလုပ်ငန်းခွင်၌ မြန်မာတစ်ဦး မြစ်ထဲပြုတ်ကျ သေဆုံး (ဇူလိုင် ၇)

12 months ago

ထိုင်းနိုင်ငံ ဖရာ့နခွန်စီအယုဒ္ဓယမြို့က ပါစောက်မြစ်ရေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းခွင်၌ မြန်မာအလုပ်သမားတစ်ဦးသည် ဇူလိုင်လ ၇ ရက်‌နံနက်ပိုင်းက အလုပ်လုပ်နေစဉ် မြစ်ထဲသို့ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း ခေါင်စွတ်သတင်းဌာနက ဖော်ပြထားသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများသည် ရေငုပ်သမားများနှင့် ပူးပေါင်း၍ ရေငုပ်ရှာဖွေခဲ့ရာ စတင်ရှာဖွေချိန်မှ ၁၅ မိနစ်အကြာတွင် သေဆုံးသူရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာများ မတွေ့ရကြောင်း ဖော်ပြထားသည်။
သေဆုံးသူသည် အသက် ၄၀ ခန့်အရွယ်ရှိ ထိုင်းအမည် မိုင်းအေး ဆိုသူဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းကမှ အဆိုပါလုပ်ငန်းခွင်သို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ကျန်းမာရေးသိပ်မကောင်းသဖြင့် မကြာခဏအလုပ်ပျက်သူဖြစ်ကြောင်း၊ နံနက်ပိုင်းက မြစ်တဖက်ကမ်းသို့ ကူးမည့်လှေပေါ်တက်ခါနီး အသက်ကယ်အင်္ကျီဝတ်ဆင်သည့်အခိုက် မတော်တဆရေထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ပြောပြချက်အား ဖော်ပြထားသည်။
“မြန်မာတွေအများစုက အလုပ်မရွေးကြဘူးလေ။ အလုပ်ကြမ်းလုပ်တာ၊ အန္တရာယ်များတဲ့အလုပ်တွေ လုပ်ရတာက မြန်မာတွေပဲများတယ်။ ခုလိုဖြစ်ရတာတွေက ထိုင်းနိုင်ငံမှာ သိပ်တော့မဆန်းတော့ပါဘူး” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
ရေထဲသို့ပြုတ်ကျရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး လုပ်ငန်းခွင်အတွင်း အချင်းများခိုက်ရန်ဖြစ်ပွားခြင်း ရှိ၊ မရှိကို မျက်မြင်သက်သေများအား ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဟု တာဝန်ရှိရဲတပ်ဖွဲ့က ပြောကြောင်း သိရသည်။
AMMH
ဓာတ်ပုံ -ခေါင်စွတ်

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အထောက်အထားလက်မှတ် ပန်းရောင်ကတ် ထုတ်ပေးရန် စာရင်းကောက်

12 months ago

နေထိုင်ခွင့် အထောက်အထားလက်မှတ်နှင့် ပက်သက်၍ လိမ်လည်မှုများရှိနေသဖြင့် သတိပြုရန်လိုအပ်
ဇွန် ၉
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ် လုပ်ကိုင်၊ နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ အပါအဝင် ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ်နိုင်ငံသား များအား ထိုင်းအစိုးရကနေထိုင်ခွင့်အထောက်အထားလက်မှတ်ပန်းရောင်ကတ်
ထုတ်ပေးနိုင်ရေးအတွက် အမည်စာရင်းတင်သွင်းရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန မှ စာထုတ်ထားကြောင်းသိရသည်။
အဆိုပါ ထုတ်ပြန်ချက်အား ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းနှင့် ယင်း ထုတ်ပြန်ချက် တွင် ဇူလိုင်၁၅ရက် မှ ၃၁ရက်အထိ ၁၅ရက်အတွင်း ဘတ်စာရင်း(နာမည်စာရင်း)အား အပြီးသွင်းပါရန် စသဖြင့် ပါရှိကြောင်း ယင်းသို့ အမည်စာရင်းတင်သွင်းခိုင်းခြင်းမှာ ဘတ်ကတ်အပြီး ရိုက်ပေးခြင်း မဟုတ်ကြောင်း လည်း သိရသည်။
“အခု MOU ၂ နှစ်၊ ၄နှစ်၊ ၆နှစ်သမားတွေ ၊ သူဌေးထုတ်လိုက်တဲ့သူတွေကိုိုစာအုပ်ပြန်လဲပေးလိမ့်မယ်။ ဒါပေမယ့် Work Permit သက်တန်းပြန်တေ့
ဖို့တော့မလွယ်ဘူး၊အခုက ဘတ်မလုပ်သေးပဲ ကျန်ခဲ့တဲ့သူတွေကို ဘတ်စာရင်းတင်ခိုင်းတာပါ။ကုန်ကျစာရိတ်လဲမသိရသေးသလို ဘတ်ရိုက်မယ်လို့ တရားဝင်မထုတ်ပြန်ထားသေးဘူး။အရင် ၈လပိုင်းက online စနစ်က အခုတင် အခုစာရင်းကျတယ်။ အခုက offline စနစ်ဆိုတော့ ချက်ခြင်းတော့စာရင်းမကျဘူး။ဒါက အလုပ်သမားတွက်ကတ်လုပ်ပေးတာ။ နိုင်ငံမဲ့ရောက်လာသူတွေအနေနဲ့ စားဝတ်နေရေးအတွက် အထောက်ထားတစ်ခု ရှိမှ အလုပ်လုပ် လို့ရတာဖြစ်တဲ့အတွက် လုပ်ချင်သူတွေတွက် အဆင်ပြေအောင် လုပ်ပေးတဲ့ သဘောပါ။ အခြားနိုင်ငံထွက်ဖို့ဆိုရင် ဒီကဒ်လုပ်ထားတဲ့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနကိုတော့ ရော်ကြေးပေးထွက်လို့ရတယ်တော့ ကြားပါတယ်”ဟု ထိုင်းနိုင်ငံအတွင်း ၁၀နှစ် ကျော်ကြာနေ ထိုင်နေ သူကိုဝင်းကျော်က ပြောသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများမှာ တရားဝင် အထောက်အထားများ မရှိသည့် အတွက် နည်းလမ်း မျိုးစုံဖြင့် ကြိုးစားရပ်တည်နေကြရပြီး အဖမ်းဆီးခံရပါက ငွေကုန်ကြေးကျများစွာရှိနေကြောင်း ယင်းသို့ အခြေအနေများကြောင့် ထိုင်းအစိုးရမှ တရားဝင်ထုတ်ပေးမည့် လက်မှတ် များအတွက် စိတ်ဝင်စားမှု မြင့်တက်နေခြင်းဖြစ် ကြောင်းနှင့် အဆိုပါ အခြေနေများတွင် ကြားပွဲစားများအမည်ခံများ၏ ဘတ်သောင်းနှင့်ချီ၍ ငွေကြေးလိမ်လည်မှုများလည်း ခံနေကြရသဖြင့် ယခုလည်းသတိထားဆောင်ရွက်ရန်လိုအပ်ကြောင်း မဲဆောက်ရောက် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူတစ်ဦးက ပြောခဲ့သည်။
အဆိုပါ ပန်းရောင်ကဒ် ပြုလုပ်ရန်အတွက် ခေါ်ယူခြင်းမှာ လူသစ်များအတွက် နာမည် စာရင်း တင်သွင်း သည့် အနေထားတစ်ခု သာဖြစ်ကြောင်း၊ထိုင်းနိုင်ငံ ၏လက်ရှိ နိုင်ငံရေးအခြေနေများအရ ပန်းရောင် ဘတ်တန်းရနိုင်မည်မဟုတ်ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်များအတွက် ဈေးနူန်းနှင့်ရက် အတိကျ မကြေညာ သေးသောကြောင့် စရံငွေများ အများအပြားပေးခြင်းကို သတိထားသင့်ကြောင်း အေအေစီ ကိုရဲမင်း က ၄င်း ၏ လူမှု့ စာမျက်နှာတွင် သတိပေးရေးသားထားသည်။
Photo – Internet

ပျောက်ဆုံးနေသော ဂျာမန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ရှာဖွေပေးနိုင်ပါက ဘတ်ငွေ သုံးသန်း ချီးမြှင့်မည်

12 months ago

ထိုင်းနိုင်ငံသူနှင့် လက်ထပ်ထားသော ဂျာမန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ၎င်း၏ ခဲရောင် မာစီဒီးကားနှင့်အတူ ပျောက်ဆုံးနေရာ ကားကိုတွေ့ရှိပါက ဘတ် တစ်သိန်းနှင့် ပျောက်ဆုံးခင်ပွန်းဖြစ်သူ၏ သဲလွန်စကို ပြောနိုင်မည်ဆိုပါက ဘတ်သုံးသန်းချီးမြှင့်မည်ဟု မိသားစုက ကြေညာထားကာ ဆက်သွယ်ရန်နံပါတ် 086-3544161 ဖြစ်ကြောင်း Khaosod English သတင်း‌တွင် ဖော်ပြထားသည်။
အသက် ၆၂ နှစ်အရွယ် ဂျာမန်စီးပွားရေးလုပ်ငန်းရှင် Mr. Hans Peter Ralter Mack သည် ခဲရောင် မာစီဒီး E 350, licence plate No. 7146 နှင့်အတူ ဇူလိုင် ၅ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည်ဟု Chonburi ပြည်နယ်ရှိ Nong Prue ရဲစခန်းကို အကြောင်းကြားလာခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ အရာရှိတစ်ဦးကပြောသည်။
Mr.Mack ၎င်း၏ ကားနှင့်အတူ Thung Klom Tan Man အနီးရှိ စားသောက်ဆိုင်တွင် နောက်ဆုံးတွေ့ရှိရပြီး Chaiyaphruek ဘက်သို့ ဦးတည်ထွက်ခွာသွားသည်ကို စီစီတီဗီမှတဆင့် တွေ့ရှိခဲ့ရပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ဆိုသည်။
အသက် ၂၄ နှစ်အရွယ် ဇနီးဖြစ်သူ Ms. Piraya Bunmak သည် Mr.Mack နှင့် ငါးနှစ်ကျော်ကြာ အတူနေထိုင်ပြီး သားနှစ်ယောက်ရှိ‌ကြောင်း၊ ခင်ပွန်းဖြစ်သူ အိမ်မှ မထွက်ခွာမီတွင် Surat Thani ပြည်နယ်တွင် ဘတ်ငွေ သန်းချီသော မြေအဝယ်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားပွဲစားနှင့် စကားပြောဆိုရန် ရှိသည်ဟု ပြောသွားကြောင်းလည်း ဖော်ပြထားသည်။
Ref; Khaosod English