MNDAA နှင့် မဟာမိတ်တပ်ဖွဲ့က တပ်မ(၉၉) လက်အောက်ခံ တပ်ရင်းမှူးကို ပစ်ခတ်ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁ ဦး အရှင်ဖမ်းဆီးရမိ

7 months ago

ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကိုလည်း ထပ်မံသိမ်းပိုက်
=======
နိုဝင်ဘာ ၂၇
ယခု နှစ်ရက်တာအတွင်း MNDAA နှင့် မဟာမိတ်တပ်ဖွဲ့တို့ ပူးတွဲပြီး ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်ကာ လုံခမ်းနေရာတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့မှ တပ်ရင်းမှူး ၁ ဦးကို ပစ်သတ်ချေမှုန်းနိုင်ခဲ့သည့်အပြင် တပ်ဖွဲ့ဝင် ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း The Kokang တွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၅:၃၀ နာရီတွင် MNDAAသည် တုန်းရှမ်းဒေသ မှတ်တိုင်(၁၂၇) ဓာတ်အားပေးစက်ရုံတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅:၄၇ နာရီတွင် ၎င်းနေရာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင်လည်း ညနေ ၇:၃၀ နာရီခန့်၌ MNDAA အင်အားတစ်စုနှင့် TNLA တပ်မဟာ(၂)တို့ ပူးတွဲပြီး ကျောက်မဲနှင့် လားရှိုးကြားရှိ ခုတန်စေတီကုန်း High Point တွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ကာ ခြေလျင်နှင့် ဒရုန်း ပူးပေါင်းစစ်ဆင်မှုရေးဖြင့် ၈ နာရီခန့်တွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မုံးကိုးခရိုင် ၊ မိုင်းပေါ်ဒေသ ၊ နန်တောက်အုပ်စု ၊ လုံခမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း(၇၉) ၏ တပ်ရင်းမှူးအား ပစ်ခတ်ချေမှုန်းနိုင်ခဲ့ကာ သတင်းအချက်အလက်များအရ အလောင်းကို ယနေ့ ၂၇ ရက် နံနက်တွင် မူဆယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရှိရပြီး စစ်ကောင်စီ ခမရ (၄၂၀)၏ ဒဏ်ရာရ အဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရမိကာ MNDAAမှ လူသားချင်းစာနာ ထောက်ထားမှုအရ ဆေးကုသကယ်ဆယ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းနေ့ နေ့လယ် ၂:၄၅ နာရီခန့်တွင်လည်း MNDAA သည် မူပန်(သိန္နီ)ခရိုင် ၊ မူပန်ဒေသ ၊ ဟိုပင်အုပ်စု ၊ မိုင်းတင်ရော်ဘာကုန်းနှင့် လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ၇ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပုံစာ – ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း
Photo – The Kokang