KIA ၏ မတ် ၇ ရက်မှ စသော ထိုးစစ် စစ်ဆင်ရေးများတွင် AA လည်း ပါဝင်တိုက်ခိုက်ဆင်နွှဲနေ

4 months ago

မတ် ၈
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ မတ် ၇ ရက်နေ့ နံနက်မှ စသော ထိုးစစ် စစ်ဆင်ရေးများတွင် ရက္ခိုင့်တပ်တော် (AA) မှလည်း ပါဝင်တိုက်ခိုက်ဆင်နွှဲနေကြောင်း AA က သတင်းထုတ်ပြန်သည်။
KIA ၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တပြိုင်နက်တည်း တိုက်ခိုက်လျက်ရှိရာ AA အနေဖြင့်လည်း အဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိသည်ဟု သိရသည်။
May be an image of 1 person and text
တစ်ချိန်တည်း၌ပင် ကချင်ပြည်နယ်၊ ဗန်း‌မော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ရန်သူ၏ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊စကစ တပ်ရင်းများမှ လက်နက်ကြီးများဖြင့်အပြင် လေကြောင်းမှပါ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီး ထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ်နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ရက္ခိုင်ဒေသစစ်ဆင်ရေး (၁၁၆) ရက်အတွင်း AA အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ရယူထားပြီးဖြစ်သကဲ့သို့ နောက်ထပ်ကျန်ရှိနေသေးသော စကစ စခန်းများကို ထပ်မံသိမ်းပိုက်ရယူနိုင်ရန်အတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။