CDF-Matupi ကို တပ်ရင်းဌာနမှ တပ်မဟာအဖြစ် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်း

3 months ago

မတ် ၄
ချင်းလဲန်းကာကွယ်ရေး-မတူပီ (CDF-Matupi) ကို တပ်ရင်းဌာနမှ တပ်မဟာ အဖြစ် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း CDF-Matupi က ထုတ်ပြန်ထားသည်။
CDF-Matupi ၏ တတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်နေ့အတွင်း ကျင်းပခဲ့ပြီး ညီလာခံတွင် မတူပီမြို့နယ်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တော်လှန်ရေးအင်အားစုများနှင့် တပ်မှူးများ၏ သဘောတူဆုံးဖြတ်ချက်အရ တပ်မဟာ နှစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
May be an image of 13 people and textMay be an image of 9 people and text
“အဓိက ကတော့ အရင်က တပ်ဖွဲ့စည်းမှုထက် ပိုမိုကျစ်လျစ်တဲ့ ဖွဲ့စည်းမှုကို ဦးတည်တာပါ။ တခြား တပ်ဖွဲ့မူတွေကိုတော့ ထူးထူးခြားခြား ပြောင်းလဲတာ မရှိပါဘူး” ဟု CDF-Matupi ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက ပြောသည်။
အဆိုပါ ပြောင်းလဲလိုက်သော ဖွဲ့စည်းပုံအရ CDF-Matupi တပ်မဟာ (၁) တွင် တပ်ရင်း ၁ (Eagle Battalion) နှင့် တပ်ရင်း ၅ (Sinai Battalion) တို့ ပါဝင်ကြပြီး တပ်မဟာ (၂) တွင် တပ်ရင်း ၂ (Vakawk Battalion)၊ တပ်ရင်း ၃ (Kaisi Battalion)၊ တပ်ရင်း ၄ (LiCang Battalion) နှင့် တပ်ရင်း ၆ (AiDaak Battalion) တို့ဖြင့် အသီးသီးဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။