CDF – Daai ၏ နှစ်လတာ စစ်ဆင်ရေးအတွင်း စကစ ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း အပါအဝင် ၄ ဦး သေဆုံးပြီး ဗိုလ်မှူး ၃ ဦး အပါအဝင် ၅၉ ဦးကို အရှင်ဖမ်းဆီးရမိ

3 months ago

“စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းချက်တွေ လုပ်နေဆဲပါ။ နောက်မှ သူတို့ကို စစ်ဘက်ဆိုင်ရာ တရားရုံးတင်ဖို့ လုပ်ဆောင်နေပါတယ်”
ဆလိုင်း အိုက်ဘက်စ် (CDF – Daai ၏ အထွေထွေအတွင်းရေးမှူး)
============
မတ် ၁
ချင်းကာကွယ်ရေးတပ်ဖွဲ့-ဒိုင် (CDF – Daai) ၏ နှစ်လတာစစ်ဆင်ရေး လေးကြိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း အပါအဝင် ၄ ဦး သေဆုံးပြီး ဗိုလ်မှူး ၃ ဦး အပါအဝင် ၅၉ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးများအတွင်း အရှင်ဖမ်းဆီးရမိသူများတွင် ဗိုလ် ၁ ဦး၊ တပ်ကြပ် ၃ ဦး အပါအဝင် ၂၃ ဦးမှာ လက်နက်ချ အညံ့ခံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနှစ်လစစ်ဆင်ရေးထဲမှာ ဖမ်းမိတဲ့ စကစတပ်ဖွဲ့ဝင်တွေထဲမှာ ဗိုလ်မှူးအဆင့်တွေရော၊ ဗိုလ်ကြီးတွေရော အများကြီးပါတယ်ပေါ့။ စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းချက်တွေ လုပ်နေဆဲပါ။ နောက်မှ သူတို့ကို စစ်ဘက်ဆိုင်ရာ တရားရုံးတင်ဖို့ လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးရမိတဲ့ ထွက်ဆိုချက်တွေအရတော့ စစ်တပ်က တော်တော်လေးကို ယိုယွင်းပျက်စီးနေပြီ။ သိပ်မကြာခင်မှာပဲ တပ်က ပြိုလဲသွားနိုင်တယ်။ မပြိုလဲရင်တောင် တပ်ထဲမှာ ပြိုကွဲသွားတဲ့ အခြေအနေတွေ ရှိလာနိုင်တယ်လို့ သူတို့ကိုယ်တိုင် သုံးသပ်တယ်။ သူတို့ရဲ့ အခြေအနေအရ တပ်က စစ်ကူမပေးနိုင်တော့ဘူး။ မြေပြင်စစ်ကူမပေးနိုင်တော့ဘူး။ တပ်ထဲမှာ ဒီလိုဖြစ်နေတာတောင်မှ မညီမျှမှု၊ တရားမျှတမှုတွေ မရှိတဲ့ ပုံစံမျိုး စီမံဆောင်ရွက်ချက်တွေ များစွာရှိနေတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင်ကလည်း တော်လှန်ရေး အင်အားစုတွေကို မတိုက်ချင်တော့တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သူတို့ သုံးသပ်တယ်။ နောက်တစ်ခုကတော့ စစ်တပ်ဟာ အရင်ကဆို ဖွဲ့စည်းပုံအပြည့်ရှိတယ်။ အခုအချိန်မှာတော့ ဗိုလ်ကြီးလည်း ဗိုလ်ကြီးရာထူးနဲ့အညီ မနေရဘူးပေါ့နော်။ ဗိုလ်ကြီးလည်း ရဲဘော်နဲ့တန်းတူပဲ။ ဗိုလ်မှူးလည်း ရဲဘော်နဲ့ တန်းတူပဲ အလုပ်လုပ်နေရတယ်။ စစ်သားတစ်ယောက်က စစ်သားငါးယောက်စာလောက်ကို အလုပ်လုပ်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အဲဒီဒဏ်တွေကို မခံနိုင်တော့တာမို့လို့ စစ်တပ်ဟာ အလွယ်တကူကျရှုံးနေတာပါလို့ သူတို့ရဲ့ ထွက်ဆိုချက်တွေအရ သိရပါတယ်” ဟု CDF – Daai ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်း အိုက်ဘက်စ်က ပြောသည်။
ဇန်နဝါရီ ၂၈ ရက်နေ့က ဖော်ဆောင်ခဲ့သော မွန်တောင်စစ်ဆင်ရေးတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး အပါအဝင် ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်နေ့က လောင်းပွီတောင် စစ်ဆင်ရေးကို CDF – Daai၊ ချင်းအမျိုးသားတပ်မတော် – CNA နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ ဖော်ဆောင်ခဲ့ရာ စကစ ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၃ ဦး အပါအဝင် ၂၃ ဦးမှာ လက်နက်ချ အညံ့ခံခဲ့ကြကြောင်း သိရသည်။
၎င်းအပြင် ဖေဖော်ဝါရီ ၇ ရက်နေ့ လှိန်းရှိန်တောင် စစ်ဆင်ရေးတွင် ထိတွေ့တိုက်ပွဲ ၂၀ မိနစ်ခန့် ဖြစ်ပွားခဲ့ရာ CDF – Daai ဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၁၅)၊ ဘူးသီးတောင်အခြေစိုက် လက်အောက်ခံ ခမရ (၂၃၃) တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၂ ဦး စုစုပေါင်း ၄ ဦးတို့အား အသေဖမ်းဆီးရမိပြီး ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၅ ဦး အပါအဝင် ၁၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့ လုံရင်းတောင် စစ်ဆင်ရေးနှင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ လှောင်အွေတောင် စစ်ဆင်ရေးတို့တွင် စကစ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
“လက်နက်ချအလင်းဝင်ကြသူတွေရဲ့ စိတ်ဓာတ်အခြေအနေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို လုံခြုံမှုရှိမှာ မဟုတ်ဘူး။ သူတို့လက်နက်ယူလာပြီးတော့မှ ခရီးဆက်သွားလို့ မရဘူး။ နေရာတိုင်းမှာ တော်လှန်ရေးအင်အားစုတွေ ရှိနေတယ်ဆိုတာ သူတို့ သိနေတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ လက်နက်ချ အညံ့ခံခဲ့တာဖြစ်ပါတယ်ပေါ့။ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ ဒေသတွင်းမှာ တပ်ဆုတ်တာတွေ၊ ဂျက်ဖိုက်တာနဲ့ အရပ်ဖက်ပြည်သူတွေကို ဗုံးကြဲတာတွေ မြောက်မြားစွာ ပြုလုပ်လာနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ အရှင်ဖမ်းမိသူ ၅၉ ဦးထဲမှ ပြင်းထန်ဒဏ်ရာရရှိသူ ၇ ဦးအား CDF – Daai မှ ဆေးဝါးကုသပေးနေပြီး ၎င်းစစ်သုံ့ပန်းများအား နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။