(၁၁.၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု တစ်ရာကျော်ရှိပြီး ကရင်နီပြည်တွင် စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရား ပျက်သွားပြီဖြစ်

5 months ago

“ကျွန်တော်တို့ ဆက်ပြီးတော့မှ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်အောင် လုပ်ဆောင်သွားမယ်။ ပြည်သူလူထုကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ချေမှုန်းသွားမယ်”
KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ
==========
ဇန်နဝါရီ ၂၉
ကရင်နီပြည်တွင် တော်လှန်ရေးတပ်ပေါင်းစုံများ ဖော်ဆောင်နေသော (၁၁.၁၁)စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု တစ်ရာကျော်ရှိပြီး ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရား ပျက်သွားပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
“(၁၁.၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်တွေရဲ့ သေဆုံးမှုက တစ်ရာကျော် ရှိပါတယ်။ ကျွန်တော်တို့ ဂဏန်းအတိအကျတော့ မပြောနိုင်ပေမယ့် ရာဂဏန်းရှိပါတယ်။ ဒီစစ်ဆင်ရေးတွေက KNDF တစ်ခုတည်း မဟုတ်ပါဘူး။ တော်လှန်ရေးတပ်ပေါင်းစုံက စုစည်းတိုက်ခိုက်မှုပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ဒီ (၁၁.၁၁) စစ်ဆင်ရေး စတင်တဲ့အချိန်ကစပြီး အခုအချိန်အထိ နှစ်လကျော်ကာလမှာ စစ်ကောင်စီရဲ့ တပ်စခန်းတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့တယ်။ တပ်စခန်းဆိုတာထက် ကင်းစခန်းတွေပေါ့နော်။ ကာကင်းတွေပေါ့။ မြို့တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်တပ်တွေပဲ ကျန်တော့တယ်ပေါ့နော်။ စစ်ကောင်စီရဲ့ ယန္တရားတွေကလည်း ကျွန်တော်တို့ ကရင်နီပြည်ထဲမှာ လုံးဝမရှိတော့ဘူးပေါ့နော်။ ယန္တရားက ပျက်သွားပြီဆိုတဲ့ အနေအထားမျိုး ရှိနေပြီပေါ့နော်။ ကျွန်တော်တို့ ဆက်ပြီးတော့မှ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်အောင် လုပ်ဆောင်သွားမယ်။ ပြည်သူလူထုကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ချေမှုန်းသွားမယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
၎င်းစစ်ဆင်ရေးကို တော်လှန်ရေးတပ်များနှင့် ကရင်နီတပ်ပေါင်းစုံများ စုပေါင်းတိုက်ခိုက်ခဲ့သိမ်းပိုက်ခဲ့သည့် ရလဒ်အရ လက်ရှိတွင် မယ်စဲ့၊ ရှားတော၊ လွိုင်ကော် (သုံးပုံနှစ်ပုံခန့်)၊ မိုးဗြဲ (အထိုင်တပ်ကျန်နေသေး)၊ ဖယ်ခုံ (အထိုင်တပ်ကျန်နေသေး)၊ မော်ချီးတို့ ဖြစ်ကြောင်း သိရသည်။
“ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသက စစ်ကောင်စီအထိုင်စခန်းက သူတို့ရဲ့တပ်ဖွဲ့ဝင်တွေက စခန်းကို စွန့်ခွာပြေးသွားတယ်။ တိုက်ပွဲမဖြစ်ခဲ့ဘူး။ ဖားဆောင်းထဲမှာတော့ စစ်ကောင်စီရဲ့ အထိုင်စခန်းတွေ ကျန်နေပါသေးတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကရင်နီပြည်ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိကာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ မြေပြင်တွင် အသာစီးရနေသဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းကိုသာ အားထား တိုက်ခိုက်နေရသောကြောင့် ပြည်သူများ လုံခြုံရေးသတိရှိကြပါရန်လည်း KNDF က အသိပေးထားသည်။
ပုံစာ – (၁၁.၁၁) စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ပေါင်းစုံက တိုက်ခိုက်သိမ်းပိုက်မှုအချို့၊ အရှင်ဖမ်းဆီးရမိသူအချို့နှင့် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့။