၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၇၀ နီးပါး သေဆုံး၊ ၁၁၀ ကျော် ထိခိုက်ခဲ့ဟု TNLA ထုတ်ပြန်

7 months ago

နိုဝင်ဘာ ၂၈
၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးဖြင့် အသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူ ၇၀ နီးပါး သေဆုံးခဲ့ရပြီး ၁၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
၎င်းအပြင် အများပြည်သူဆိုင်ရာ အဆောက်အဦများ၊ ဘုန်းကြီးကျောင်း နှင့် ပြည်သူနေအိမ် ၂၁၀ ကျော်လည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီက စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ မူဆယ်မြို့နယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်း လာရောက်ဗုံးကြဲခဲ့ရာ ပြည်သူ ၂ ဦး ပွဲချင်းသေဆုံး၊ ၅ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့ ည ၉ နာရီမှ ၂၇ ရက် နံနက် ၉ နာရီအထိတွင်လည်း စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခဲ့ခြင်းကြောင့် (၁၀၅)မိုင် ကားကြီးကွင်းအတွင်း ၁ လုံး၊ ကမ္ဘောဇဘဏ် အနောက်ဘက်တွင် ၁ လုံး၊ ရဲစခန်းအရှေ့ဘက်တွင် ၁ လုံးနှင့် လုံခန်ကျေးရွာအတွင်း ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မူဆယ်(၁၀၅)မိုင်မှ ပြည်သူ ၂ ဦး ကျည်စထိမှန်ပြီး သေဆုံးခဲ့ကာ ကားကြီးကွင်းအတွင်းရှိ ရပ်နားထားသည့် ကားများနှင့် အဆောက်အဦများ ထိမှန်ပျက်စီးခဲ့သည့်အပြင် လုံခန်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၄ လုံးတို့ပါ ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။