အွန်လိုင်းမှ လောင်းကစားလုပ်ကာ ငွေလိမ်နေသည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ‘ဝ’ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးကာ တရုတ်ရဲထံ လွှဲပြောင်း

10 months ago

စက်တင်ဘာ ၈
လောင်းကစားလုပ်ငန်းများကို အွန်လိုင်းမှတဆင့် လုပ်ကိုင်ပြီး ငွေလိမ်စားနေကြသည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ‘ဝ’ ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အွန်လိုင်းမှတဆင့် လောင်းကစားလုပ်ကာ ဂိုဏ်းဖွဲ့ပြီး ငွေလိမ်နေကြသည့် တရုတ်နိုင်ငံသား ၁၂၀၇ ဦးအား စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် တရုတ်နိုင်ငံဘက်ဆီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောသည်။
အဆိုပါသတင်းကို ‘ဝ’ သတင်းမီဒီယာ WSTV ကလည်း ဖော်ပြထားရာ တရုတ်နိုင်ငံသား အမျိုးသမီးများလည်း ပါဝင်နေကြသည်ကို တွေ့ရသည်။
“ပြည်တွင်းမှာ နိုင်ငံရေးကမကောင်း၊ အလုပ်အကိုင်တွေကလည်း မကောင်းကြတော့ ငွေကိုလွယ်လွယ်နဲ့ ရမယ်ထင်တဲ့ လောင်းကစားတွေဆီ အာရုံရောက်ကြတယ်။ စစ်ကောင်စီက ဒါကို လွှတ်ပေးထားတယ်လေ။ အခုက တရုတ်ရဲ့ဖိအားကြောင့် စစ်ကောင်စီရော လက်နက်ကိုင်တပ်ဖွဲ့တွေရော မလွန်ဆန်ရဲကြဘူး” ဟု အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် နေ ပြည်တော်၌ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းပေးရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အွန်လိုင်းမှငွေလိမ်သူ တရုတ်နိုင်ငံသား ၂၄ ဦးကို ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိကာ တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
AMMH
Photo – WSTV