အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်တွင်း ဘောလုံးပွဲရန်ဖြစ်သည်ကို အကြောင်းပြ၍ နိုင်ကျဉ်း ၄ ဦး နှိပ်စက် တိုက်ပိတ်ခံရ

4 months ago

မတ် ၂
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဘောလုံးပွဲရန်ဖြစ်သည်ကို အကြောင်းပြ၍ နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ညှဉ်းပမ်း တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
“လက်ရှိ တိုက်ပိတ်ခံထားရသူတွေမှာ ဒဏ်ရာဒဏ်ချက်တွေလည်း များတယ်ပေါ့နော်။ အခုအချိန်ထိ သူတို့ ဆေးဝါးစောင့်ရှောက်ခွင့်မရသလို ပါဆယ်တွေလည်း အပိတ်ခံထားရပါတယ်” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီခန့်က ထောင်တွင်းဘောလုံးကန်ကြစဥ် စကားများကြပြီး စစ်ကောင်စီလက်အောက်ခံ အကျဥ်းထောင်ဝန်ထမ်းများနှင့် အခန်းလူကြီးများ (တန်းစီး)များက အကျဥ်းသားများကို ဝင်ရောက်အကြမ်းဖက်ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ထပ်မံခေါ်ထုတ်ကာ ရုံးခန်းရှေ့တွင် ထောင်ဝန်ထမ်းများ အပါအဝင် ထောင်အာဏာပိုင်များက လက်သပ်မွေးထားသော အခန်းလူကြီးများစုစုပေါင်း ၁၀ ဦးကျော်မှ မြင်မကောင်းအောင် ထပ်မံရိုက်နှက်ခဲ့ရာ ရိုက်နှက်ခံရသူနိုင်ငံရေးအကျဥ်းသားများ နှဖူးကွဲ၊ ခေါင်းကွဲ၊ ကျောကွဲ၊ မျက်နှာဖူးယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ နေ့လယ် ၃ နာရီတွင် နိုင်ငံရေးအကျဥ်းသား ၄ ဦးအားဒေါက်ခတ်ပြီး ပြစ်ဒဏ်တိုက်ပိတ်ခဲ့ကြောင်း၊ တိုက်ပိတ်ခံရသော နိုင်ငံရေးအကျဥ်းသားများမှာ ကိုထက်၊ ကိုထွေးလေး၊ကိုမြတ်နိုးမောင် (ခေါ် ) အာနိုးနှင့် ကိုသော်ဇင်ဦးတို့ ဖြစ်ကြောင်း၊ ထိုသို့ တိုက်ပိတ်ရာတွင်လည်း ထောင်ဘောလုံးကွင်း၊ ရုံးခန်း၊ မိန်းလ်ဂျေးလမ်း တလျောက်လုံး ရိုက်နှက်သွားခဲ့ပြီး တိုက်ပိတ်၍ ပါ ထပ်မံရိုက်နှက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် နှိပ်စက်ညှဥ်းပမ်းမူများအတွက် အဓိကတာဝန်ခံရသူများမှာ အင်းစိန်ဗဟိုထောင် ထောင်ပိုင် ဇော်လင်းအောင်၊ ထောင်ပိုင်လေး အေးကြိုင်၊ ထောင်ဦးစီး ချစ်စမ်းမောင်တို့ဖြစ်ပြီး ၂၀၂၃ နိုဝင်ဘာဖြစ်စဥ် အပါအဝင် ဖြစ်စဉ်နှစ်ခုစလုံးတွင် ဦးဆောင်ပါဝင်ကျူးလွန်သူမှာ အခန်းလူကြီး ရဲလင်းဖြိုး (ခေါ်) ရဲလေးဖြစ်ပြီး ထောင်မကျခင်က စမ်းကြီးရပ်ကွက်၊ မဂ်လာဒုံမြို့နယ်၊ သီတာလမ်းတွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။
“ထောင်အာဏာပိုင်တွေရဲ့ ရုပ်သေးတွေဖြစ်တဲ့ စည်းကမ်းထိန်း (စကထ)တွေက ထောင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်တွေနဲ့ လက်နက်တွေ ကိုင်ဆောင်ခွင့် ရထားတယ်။ ရိုက်နှက်လို့ရတဲ့ ကျစ်ကြိုးတွေ၊ တုတ်တွေ ပေးထားတာ ရှိတယ်။ ပေါ်တင်ကိုင်ကြတာတော့ မဟုတ်ဘူး။ ဖွက်ထားတယ်။ အဲဒါတွေကို သူတို့က စစ်ကောင်စီ၊ အကျဉ်းဦးစီး ဝန်ထမ်းတွေ အလိုကျ ရိုက်နှက်နှိပ်စက်တာတွေ ရှိတယ်။ အဲဒီနောက်ကွယ်မှာ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်တွေ ပါတယ်။ ဒီလိုမျိုး အကျဉ်းသားတွေအပေါ် မထင်ရင် မထင်သလို ရိုက်နှက် နှိပ်စက်မှုတွေက မကြာခဏ ဖြစ်ပေါ်နေပါတယ်။ တဖြည်းဖြည်းနဲ့ ပိုမိုဆိုးရွားလာတဲ့ အခြေအနေပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဖြစ်စဥ်မျိုးသည် လွန်ခဲ့သော လေးလခန့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း အင်းစိန်ထောင်အတွင်း ဖြစ်ပွားခဲ့ဖူးပြီး နိုင်ငံ‌ရေးအကျဉ်းသား ၃၀ ကျော် ရိုက်နှက်တိုက်ပိတ်ခံခဲ့ရ‌သေးကြောင်း သိရသည်။