အကြမ်းဖက် စစ်တပ်မှ တပ်စွဲလေ့ရှိသည့် ထားဝယ် GTC မှ ဒုပါမောက္ခချုပ် အပါအဝင် သုံးဦးအား ဗထူးတပ်မတော် (BHA) ဖမ်းဆီးထိန်းသိမ်း

4 months ago

လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီး စည်းကမ်း၊ ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဟုဆို
============
ဖေဖော်ဝါရီ ၂၉
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲလေ့ရှိသည့် ထားဝယ် နည်းပညာတက္ကသိုလ် (GTC) မှ ဒုပါမောက္ခချုပ် ဦးကျော်အောင်နှင့် ပါမောက္ခများဖြစ်သည့် ဒေါ်စုစုလတ်၊ ဒေါ်နန္ဒာလွင် တို့ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ထိန်းသိမ်းထားကြောင်း ဗထူးတပ်မတော် (BHA) က ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ကျောင်းသားများက စစ်ကျွန်ပညာရေးစနစ်ကို ဝိုင်းဝန်းဆန့်ကျင်နေသည့်အချိန်တွင် ၎င်းတို့က စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းရန် လုပ်ဆောင်နေကြခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းက ကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် မောင်မယ်ရှောင် ကျေးရွာ ဘုရားမဲတောင် ဘုန်းကြီးကျောင်းဝန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ် ကာကင်းနှင့် ဘုရားမဲ စစ်ဆေးရေးဂိတ်တို့ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“လောလောဆယ်က ထိန်းသိမ်းထားရုံပဲ ရှိသေးတယ်ဗျ။ အရင်ဆုံး ကျွန်တော်တို့က ကျောင်းကို ဝင်ထိန်းတယ်။ ပြီးတာနဲ့ အချိန်အတိုင်းအတာအရ အဓိကျတဲ့သူတွေကိုပဲ ထိန်းသိမ်းလာတာဗျ။ ပြီးတော့ တိုက်ပွဲက စတာ။ ကျွန်တော်တို့ကတော့ ပြည်သူနဲ့ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ဒီလိုမျိုး ပြည်သူ့သစ္စာဖောက်တွေကို အလျဉ်းသင့်သလို လုပ်ဆောင်သွားမယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ ပြည်သူနဲ့အတူ ရပ်တည်ကာ အာဏာရှင်စနစ်ကို အမြစ်ပြတ်ရေးအတွက် အမြန်ဆုံး ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်တယ်” ဟု ဗထူးတပ်မတော် (BHA) မှ တာဝန်ရှိသူက ပြောသည်။
မောင်မယ်ရှောင် ကျေးရွာ ဘုရားမဲတောင် ဘုန်းကြီးကျောင်းဝန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ် ကာကင်းနှင့် ဘုရားမဲ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ MA3 သေနတ် (၂) လက်၊ ကျည်ဘောက် (၆) ခု၊ ၄၀ မမ ဗုံးသီး (၆) လုံး၊ ၅.၅၆ ကျည် (၂၀၄) တောင့်၊ လက်ကိုင်ဖုန်း (၂) လုံးနှင့် ဆက်သွယ်ရေး စကားပြောစက် (၁) လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် အဆိုပါဖမ်းဆီးထားသည့် ဒုပါချုပ်နှင့် ပါမောက္ခနှစ်ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီးပါက ချမှတ်ထားသော စည်းကမ်း၊ ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗထူးတပ်မတော်က အသိပေးထားသည်။