အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားသော ကန့်ဘလူ ဒေသခံ ၆၀ အနက် ၄၅ ဦး ပြန်လွှတ်ပေးပြီး ကျန်ဒေသခံများအား ဆက်လက်ဖမ်းဆီးထား (ဇူလိုင် ၈)

11 months ago

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့သော ဒေသခံ ၆၀ အနက် ၄၅ ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့ပြီး ၁၅ ဦးအားဆက်လက်ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း-၃၆၁ နှင့် ၃၆၃ တို့မှ ပင့်သာရွာနှင့် ချောင်းကြားရွာရှိ အပြစ်မဲ့ ပြည်သူ ၁၂ ဦး နှင့် မိဿလင်ကုန်းရွာရှိ အပြစ်မဲ့ပြည် ၅၀ ဦး ခန့်အား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။
” တိုက်ပွဲတို့ ဘာတို့မရှိပဲနဲ့ကို ဖမ်းသွားတာ။ လက်ရှိတော့ ၆၀ ကျော်မှာ ၄၅ ယောက်လောက် တော့ပြန်လွတ်လာပါပြီ။ ၁၅ ဦးလောက်တော့ ပြန်လွတ်ဖို့တော့ ကျန်သေးတယ်” ဟု ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းအား မသိရသေးသော်လည်း
အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် အပြစ်မဲ့ပြည်သူများအား ရိုက်နှက်စစ် ဆေးခြင်းများရှိခဲ့ကြောင်း သိရသည်။
” ပြန်လွတ်လာတဲ့သူတွေအများစုမှာ ဒဏ်ရာရတာတွေ တော်တော်များတယ်။ သူတို့ဖမ်းဆီးသွားတဲ့အခါမှာရော စစ်ဆေးတဲ့နေရာရောက်တဲ့အခါမှာရော ရိုက်နက်တာတွေက တောက်လျှောက်ရှိတယ်။ ဒီအခုဖမ်းသွားတဲ့သူတွေနဲ့ ပတ်သက်လို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့မို့လို့ ဖမ်းတာပဲလား၊ စစ်သုံ့ပန်းအတွက် အလုပ်ကြမ်းခိုင်းဖို့ဆွဲတာပဲလားဆိုတာ ဘာမှကိုမသိရတာ”ဟု ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ကန့်ဘလူခရိုင်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက နေ့စဉ်စစ်ကြောင်းများထိုးနေပြီး စစ်ကြောင်းနှင့်တိုးသည့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဟု စွပ်စွဲညှင်းပန်းနှိပ်စက်သည့်အပြင် လူတချို့အား ငွေကြေးအမြောက်အများဖြင့် အတင်းအကြပ်ပြန်လည်ရွေးခိုင်းခြင်းမျိုးလည်း ရှိနေကြောင်းသိရသည်။
ဂျင်
(ပုံဟောင်း – ယမန်နှစ်က အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ဘေးလွတ်ရာသို့ ပြေးနေရသည့် ကန့်ဘလူပြည်သူအချို့)
Photo – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်