အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ် ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှု NUG စတင်

2 months ago

မတ် ၃၀
အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန်နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် Telegram Channel – https://t.me/nugpublicaffairsbot ကို ယနေ့ မတ် ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း ကြေညာသည်။
လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရေးရာဝန်ဆောင်မှုကို အဓမ္မစစ်သားစုဆောင်းမှုနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သက်ပြီး နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်အုပ်စုက လုပ်ဆောင်နေသော အတင်းအဓမ္မ စစ်သားစုဆောင်းမှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အဆိုပါ Channel မှတဆင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ယင်းကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် အဓမ္မ စစ်သားစုဆောင်းခြင်းဖြင့် မိမိတို့အား ထပ်မံဖိစီးနှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စုအား သက်ဆိုးရှည်စေရန် ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ဖော်ပြထားသည်။
ပုံစာ – ပြည်သူ့ရေးရာဝန်ဆောင်မှု Channel အသုံးပြုနည်းလမ်းညွှန်။