အကြမ်းဖက်စစ်တပ်၏ မြေမြှုပ်မိုင်းနှင့် တိုက်မိုင်းများကြောင့် အသက် ၁၂နှစ် အရွယ်အပါအဝင် အမျိုးသမီးငယ် သုံးဦး ဒဏ်ရာရ(ဇူလိုင် ၃၀)

11 months ago

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးသုံးဦးမှာ မျှစ်ရှာမှိုကောက်ရင်း အကြမ်းဖက်စစ်တပ်ထောင်ထားသော မြေမြှုပ်မိုင်းနှင့် တိုက်မိုင်းများ နင်းမိသည့်အတွက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၉ ရက်နေ့ နံနက် ၆း၄၃ နာရီခန့်တွင် စကခ(၁၃) လက်အောက်ခံ၊ ဝေါ်လေဗျူဟာကုန်းစခန်းမှ ပြည်သူနေ ကျေးရွာအနီးတွင် ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာနေ ညီအစ်မနှစ်ဦးနှင့် အခြားမိန်းကလေးငယ်တစ်ဦးတို့မှာ မိုင်းနင်းမိပေါက်ကွဲခြင်းကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ညီအစ်မနှစ်ဦးအနက် အသက် ၁၂ နှစ်ရှိ မခင်မာအေးမှာ စိုးရိမ်ဒဏ်ရာရခဲ့‌ကြောင်း၊ အစ်မဖြစ်သူ အသက် ၁၉ နှစ်ရှိ မဌေးမိုးနှင့် အသက် ၂၂ နှစ်ရှိ မကောက်ချမ်းတို့မှာလည်း ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် မိုင်းများ လိုက်လံထောင်ထားခြင်းကြောင့် နယ်မြေခံပြည်သူများမှာ မိမိတို့၏ ဥယျာဥ်ခြံမြေသို့ အလုပ်အကိုင် သွားလာလုပ်ကိုင်ရန် မဝံ့မရဲကြတော့ဘဲ စိုးရိမ်ထိတ်လန့်လျှက် ရှိနေရကြောင်း သိရသည်။
(ပုံစာ − အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲ ဒဏ်ရာရ အမျိုးသမီးငယ် သုံးဦး)
Photo – ကေအဲန်ယူ ဗဟို