အကြမ်းဖက်စစ်ကောင်စီ ကျားဘီလူး စစ်ကြောင်းထံမှ သိမ်းဆည်း ရရှိသော ရွှေများအား ပြည်သူများထံ ပြန်ပေးမည် “သိမ်းဆည်းရရှိတဲ့ ရွှေတွေကို နယ်မြေခံ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူတွေကို ပြန်ပေးသွားမှာပါ” BNRA မှ ကိုဆာန်

7 months ago

နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်း၊ ပုလဲနယ်နှင့် ယင်းမာပင်နယ်တို့တွင် သောင်းကျန်းနေသော အကြမ်းဖက်စစ်ကောင်စီ၏ ကျားဘီလူး စစ်ကြောင်းနှင့် BNRA တပ်၊ နယ်မြေခံတပ်များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ ကျားဘီလူး စစ်ကြောင်းထံမှ ရွှေတိုရွှေစများ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ယင်းရွှေများအား သက်ဆိုင်ရာ ပြည်သူများထံ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း BNRA မှ သိရသည်။
“သိမ်းဆည်းရရှိတဲ့ ရွှေတွေကို နယ်မြေခံ ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူတွေကို ပြန်ပေးသွားမှာပါ။ ဘယ်နေရာက ပြည်သူတွေ ဘာတွေ ပါဝင်တယ်၊ ဘယ်သူ့ဆီက ပါသွားတယ်ဆိုတာကို ကျွန်တော်တို့ သေချာစုံစမ်းပြီး ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က Spring of Burma Media သို့ ပြောသည်။
အဆိုပါ ထိတွေ့မှုမှာ အောက်တိုဘာ ၃၀ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် ပုလဲနယ်နှင့် ယင်းမာပင်နယ်အစပ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ကာ ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ ကျားဘီလူး စစ်ကြောင်းထံမှ လက်နက်ခဲယမ်းများနှင့်အတူ ရွှေများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထိတွေ့မှုကြောင့် သူတို့ဘက်က ရုတ်တရက် ဆုတ်ခွာသွားရလို့ သူတို့ဘက်က G3 တစ်လက်ရတယ်။ G3 ကျည် စုစုပေါင်း ၁၃ တောင့် ဘောက်စ်ထဲပါလာတာလည်း ရခဲ့တယ်။ ၆၀မမ အဖူး နှစ်ဖူး၊ လက်ကိုင်ဖုန်း ၁၇ လုံး၊ အထိုင်ဖုန်း တစ်လုံး၊ ရွှေတိုရွှေစ တချို့လည်း ပါလာတယ် ” ဟု ကိုဆာန်က ဆက်၍ပြောခဲ့သည်။
အဆိုပါ ထိတွေ့မှုတိုက်ပွဲနှစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ ကျားဘီလူး စစ်ကြောင်းမှ ၈ဦး သေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရာရသူ များကြောင်းလည်း သိရသည်။
“သူတို့ စစ်ကြောင်းက အဲဒီနေ့မှာ မြေပြင်မှာ ၁၄၀ လောက်တွေ့ရတယ်။ အောက်တိုဘာ ၃၀ ရက် ၃နာရီ ၂၀ မိနစ်လောက်မှာ ပုလဲနဲ့ ယင်းမာပင် အစပ်မှာရှိတဲ့ စည်ပင်ကျေးရွာနားမှာ BNRA က စောင့်ကြိုတိုက်ခဲ့တာ ဖြစ်တယ်။ စောင့်တိုက်တာမို့ ငါးကြင်းမြီး စက်လက်သမားရော၊ ၆၀မမ ပစ်တဲ့သူရော စုစုပေါင်း ၆ ဦးက နေရာမှာပဲ ကျသွားတယ်။ ကိုးဦးက ဒဏ်ရာရခဲ့တယ်။ စိန်ပြောင်းပစ်တဲ့ အဖွဲ့ကို BNRA စနိုက်ပါသမားက ပစ်ခဲ့တယ်။ နိုဝင်ဘာ ၁ရက် နေ့လယ်မှာလည်း မြောက်ပိတောက်ကုန်းရဲ့ အနောက်ဘက် မြောက်ယမားဆည်နားမှာ BNRA နဲ့ စနိုက်ပါ တပ်စုနဲ့ စကစ ထိတွေ့မှုရှိတယ်။ စနိုက်ပါ တပ်စုက စောင့်ကြိုတိုက်ခိုက်တာမို့ ရန်သူ နှစ်ဦးကျတယ်” ဟု ကိုဆာန်က ထပ်မံပြောခဲ့သည်။