အကြမ်းဖက်စစ်ကောင်စီတပ် လိုင်ဇာမြို့အနီးသို့ လေကြောင်းမှ စတင်ပစ်ခတ်တိုက်ခိုက်၊ စစ်ရေးအခြေအနေ တင်းမာနေ (ဇူလိုင် ၉)

12 months ago

ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ဌာနချုပ်လိုင်ဇာမြို့အနီး နန်ဆန်ယန်ရွာအနီး စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ စစ်ရေးတင်းမာနေရာ ဇူလိုင်လ ၈ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောသည်။
ဇူလိုင်လ ၈ ရက် ည ၇ နာရီခန့်တွင် နန်ဆန်မြို့ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ကျွန်တော်တို့ လိုင်ဇာနား နန်ဆန်ယန်ရွာမှာဖြစ်တာပါ။ မနေ့ကည ၇ နာရီအထိပေါ့နော်။ သူတို့က လက်နက်ကြီးနဲ့လှမ်းပစ်ပြီးမှ နောက်ဆုံးလေယာဉ်ပျံတွေလာတယ်။ စစ်ရေးအရပြောမယ်ဆိုရင် စစ်ကြောင်းတွေ အကုန်လုံးရှိပါတယ်။ တင်းမာတဲ့အနေအထားဖြစ်ပါတယ်’’ ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားနှင့် ဗန်းမော်ဘက်တို့မှ စစ်ကြောင်းများ ထပ်မံတက်လာကြောင်း၊ ယခင်က နန်ဆန်ယန်ရွာပတ်ဝန်းကျင်ရှိ စခန်းကုန်းများကို ပြန်လည်အထိုင်ချနေပြီဖြစ်သည့်အတွက် တိုက်ပွဲ ပိုမိုကြာလာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ခန့်မှန်းပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကစပြီး လိုင်ဇာမြို့နှင့် ၅ မိုင်ကျော်အကွာ နန်ဆန်မြို့နှင့် ပတ်ဝန်းကျင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး KIA တပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နန်ဆန်ယန်ရွာနှင့် အနီးပတ်ဝန်းကျင်က ဒေသခံများလည်း လိုင်ဇာမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ထွက်ပြေးနေကြရကြောင်းလည်း သိရသည်။
ပုံစာ -၂၀၁၂မှ KIA စစ်သားများ ( ပုံဟောင်း)
Photo – AFP