အကြမ်းဖက်စစ်ကောင်စီက အရပ်သုံးကားများအား ဖမ်းဆီးအသုံးပြုနေခြင်းကြောင့် အမှတ်(၈) ပြည်ထောင်စုလမ်းမ လမ်းပိုင်းတစ်ခုအား ကန့်သတ်အသုံးပြုရန် တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်

2 months ago

ဧပြီ ၁
အကြမ်းဖက်စစ်ကောင်စီက အရပ်သုံးကားများ အသုံးပြု၍ သွားလာခြင်း၊ အရပ်သားပြည်သူအသွင်ဖြင့် စစ်အင်အားဖြည့်တင်းခြင်းများကို ပြုလုပ်နေခြင်းကြောင့် အမှတ်(၈) ပြည်ထောင်စုလမ်းမ (ရေးမြို့တောင်ပိုင်းမှ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အထိ)အား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်လိုက်သည်။
May be an image of 8 people and text that says "ABSOF"
“ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ဂရုစိုက်သွားလာဖို့ ပစ်ခတ်မှုဖြစ်ရင် ယာဥ်ရပ်ထားပေးဖို့ ဖြည့်စွက်ပြောလိုပါတယ်။ စစ်ကောင်စီက ညဘက်မှာ အရပ်ဖက်သုံးကားတွေ သုံးလာတယ်။ ဒါကြောင့် စာထုတ်ရတာပေါ့” ဟု ဒေါနစစ်ကြောင်း၊ ဗျူဟာ (၃၃)၏ စစ်ဆင်ရေးမှူး စောဒါးကိုက ဆိုသည်။
အမှတ်(၃)စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား တန်ပြန်ထိုးစစ်ဆင်ကာ စစ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန်အတွက် ယင်းသို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့ သတင်းရတာကတော့ စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ ကားကို ထိန်းပြီး သူတို့လိုအပ်တဲ့အခါ သွားနိုင်အောင် ဖမ်းထားတာ ထိန်းထားတာတွေ ရှိနေပါတယ်။ စစ်ကောင်စီဘက်က ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ သုံးနေတာရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ အရေးကြီးကိစ္စမရှိရင် မသွားကြဖို့၊ တကယ်လို့ သွားရမယ့်ကိစ္စ ရှိတယ်ဆိုလည်း ကားမှန်ချပြီး သွားကြဖို့၊ ကျွန်တော်တို့ရဲ့ စစ်ဆေးမှုတွေကိုလည်း ကြည်ဖြူစွာလက်ခံပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါနစစ်ကြောင်း၏ စစ်ကြောင်းတာဝန်ခံ ကိုရန်နိုင်ကလည်း ပြောသည်။
May be an image of 5 people and text
သတ်မှတ်လမ်းပိုင်းအတွင်း နေ့အချိန် ခရီးသွားလာရာတွင် မော်တော်ယာဥ်များ မှန်ချမောင်း၍ တာဝန်အရ စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရမည်ဖြစ်ပြီး အထက်ပါထုတ်ပြန်ချက်အား လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့်အကျိုးဆက်များအား ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများမှ လုံးဝတာဝန်ယူမည် မဟုတ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – အမှတ်(၈)ပြည်ထောင်စုလမ်းမတွင် တော်လှန်ရေးအဖွဲ့များက မတ် ၁၉ ရက်နေ့၌ နယ်မြေစိုးမိုးမှု ဆောင်ရွက်ခဲ့စဉ်။