အကြမ်းဖက်စကစ ၆ ဦး သေဆုံးခဲ့သော ပေါ်လံကြီးစခန်း တိုက်ခိုက်ခံရမှု အပြီး ပြည်သူအချို့ ဖမ်းဆီးခံရ

4 months ago

ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ရွာအနီးအနားရှိ ပြည်သူအချို့ ဖမ်းဆီးခံရကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူက ပြောသည်။
အင်အား ၃၂ ဦးရှိ အဆိုပါ အကြမ်းဖက်စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁း၁၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ ၅ (တောဘုရင်အဖွဲ့) နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ (TPDF အဖွဲ့) တို့က ပူးပေါင်း၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၍ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သတင်းရယူပြီးတော့ အဲဒီရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ ၆ ဦးကတော့ မြေပြင်မှာပဲ ပွဲချင်းပြီး သေတယ်။ ၅ ဦးထက်မနည်းက ပြင်းထန်ဒဏ်ရာတွေ ရတာကို ကျွန်တော်တို့ တိုက်ခိုက်ရေးရဲဘော်တွေ မျက်မြင်တွေ့ရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး‌နောက်မှာ ရွာခံတွေ ထွက်ပြေးတိမ်းရှောင်ရတာ ရှိပါတယ်။ ရွာအနီးအနားက ဖမ်းဆီးခံရတာတွေ ရှိပါတယ်။ အတိအကျသတင်းတော့ မရသေးပါဘူး။ သူတို့အနေနဲ့ အင်အား ထပ်ဖြည့်တာတွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိပါတယ်ခင်ဗျ။ အဲဒီစခန်းက နာမည်ထွက်နေတာ ကြာပါပြီ။ ရွာခံတွေကို အတင်းအဓမ္မ စေခိုင်းတာတွေ၊ ပတ်ပတ်လည်နေရာတွေမှာ ဂိတ်ချထားပြီး ဆက်ကြေးကောက်တာတွေ၊ ကားတွေ တားပြီး စစ်ဆေးတာတွေ လုပ်နေတာ ကြာပါပြီဗျ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံးအလောင်းများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ပေါက်ခေါင်းဘက်သို့ ၎င်းတို့နှင့်အတူ ပူးပေါင်း၍ သစ်ခိုးထုတ်နေသော သစ်တင်ဖောကားဖြင့် သယ်ဆောင်သွားခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များမှာ အထိအခိုက် အန္တရာယ်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။