သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း CDF – CDM​ – Siyin​ တပ်ဖွဲ့ဝင် ၄၀ ခန့် ဒဏ်ရာရရှိ၊ ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေ

5 months ago

ဇန်နဝါရီ ၂၅
သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း CDF – CDM​ – Siyin​ တပ်ဖွဲ့ဝင် ၄၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသရန် လုံးဝမလုံလောက်ခြင်းကြောင့် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ချင်း​ပြည်နယ်၊ စီးယင်းနယ်မြေဒေသ၊ ကလေး- သိုင်းငင်းလမ်းမကြီးတစ်လျှောက်၊ သိုင်းငင်းကျေးရွာ၌ အခြေစိုက်သည့် စစ်ကောင်စီ စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်က ဇန်နဝါရီ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ထိခိုက်ကျဆုံးခဲ့ရသည့် ပေးဆပ်မှုတချို့လည်း ရှိခဲ့သည်။
ထိုစခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး CDF – CDM – Siyin တပ်ဖွဲ့ဝင်များ တချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တပ်သားများတွင် ခြေတု (prosthesis) တပ်ရန်နှင့် အရိုးကျိုး၍ သံမဏိ (steel) ထည့်ရန် လိုအပ်သောသူများ ရှိကြကြောင်း၊ သို့ရာတွင် ရဲဘော်များအတွက် ဆေးကုသစရိတ်မှာ လုံလောက်မှု လုံးဝမရှိတော့ခြင်းကြောင့် ပြည်သူထံ အကူအညီတောင်းခံထား‌ခြင်းဖြစ်ကြောင်း သိရသည်။
“သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရ ရဲဘော် ၄၀ လောက်ရှိပြီး ခြေထောက်ဖြတ်ရတာ သုံးယောက် ရှိပါတယ်။ India Mizoram state Aizawl မြို့မှာတချို့ပို့ထားတယ်။ တချို့ကို Victoria Hospital မှာ ပို့ထားပါတယ်” ဟု CDF – CDM – Siyin တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ရဲဘော်များအတွက် လှူဒါန်းလိုသူများအနေဖြင့် CDF-CDM- Siyin FB messenger နှင့် ccsa.cdmsiyin*NUGPay.app, Zelle (USA): siyinaid@gmail.com တို့သို့ ဆက်သွယ်နိုင်‌ကြောင်း သိရသည်။
သိုင်းငင်းစစ်ကောင်စီ စခန်းကို ၂၀၂၃ အောက်တိုဘာ ၁၃ ရက်မှ ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်အတွင်း ခြောက်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ ရက်နေ့တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။