သာယာဝတီထောင်အတွင်း နိုင်ကျဉ်းများကို အတင်းအဓမ္မ အလုပ်ခိုင်းစေပြီး မိသားစုဝင်များထံမှ ငွေညှစ်‌တောင်းခံမှုများရှိနေ

4 months ago

ဖေဖော်ဝါရီ ၂၅
သာယာဝတီထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မ အလုပ်ခိုင်းစေပြီး မိသားစုဝင်များထံမှ ငွေညှစ်‌တောင်းခံမှုများရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
သာယာဝတီဗဟို အကျဥ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများကို ဖိအားပေး၍ အတင်းအဓမ္မ အလုပ်ခိုင်းစေပြီး အကျဉ်းထောင်မှ ခိုင်းစေသည့် အလုပ်ဘုတ်များကို မလုပ်လိုပါက မိသားစုဝင်များမှတဆင့် ထောင်အာဏာပိုင်များထံ ငွေ ငါးသိန်းကျပ်မှ ဆယ်သိန်းကျပ်အထိ ပေးဆောင်နေကြရကြောင်း သိရသည်။
အကျဉ်းသားများအနေဖြင့် အိမ်သာသန့်ရှင်းရေးဘုတ်၊ တောင်ယာဘုတ်၊ ရေချိုးကန်ဘုတ်၊ ထမင်းချက်ဖိုကြီးဘုတ် အပါအဝင် အလုပ်ဘုတ်များစွာ လုပ်ကိုင်ကြရပြီး လက်ရှိကာလအထိ နိုင်ငံရေးအကျဉ်းသားများကို ဖိအားပေး၍ အဆိုပါ အလုပ်ဘုတ်များတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“ပုံမှန်ဆိုရင်တော့ အကျဉ်းသားတွေက မိမိရဲ့အခန်း သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးကတော့ မခိုင်းလည်း လုပ်ပေးကြပါတယ်။ အလုပ်ဘုတ်တွေဟာ ပင်ပန်းတယ်။ မီးဖိုအလုပ်ဆိုလည်း တဆောင်လုံး စားဖို့အတွက် ချက်ရပြုတ်ရတယ်။ ချွေးသံတရဲရဲနဲ့ အပူတောထဲမှာ လုပ်ရတယ်။ တောင်ယာဆိုလည်း ပေါက်ပြားတွေ၊ ပေါက်တူးတွေနဲ့ သစ်ပင်တွေ စိုက်ရတာတွေ ရှိတယ်ပေါ့နော်။ ရေကန်ဆိုလည်း သူများတွေ ချိုးပြီးသားရေတွေကို လှယ်ရတယ်။ သန့်ရှင်းရေး လုပ်ရတယ်။ ဒါတွေအပြင် တခြားလုပ်ရတဲ့ကိစ္စတွေ များစွာရှိပါတယ်။ ကျွန်တော်တို့ စုံစမ်းရရှိတာတော့ ဇန်နဝါရီလလောက်အတွင်းကနေစပြီး ငွေကြေးတွေကို မိသားစုဝင်တွေကနေတဆင့် တောင်းခံနေတာတွေကို သိထားရပါတယ်” ဟု PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
လက်ရှိ သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် အုပ်ချုပ်နေပြီး ဦးစီးအရာရှိ သန်းဝင်း၊ ဦးစီးအရာရှိ ကျော်လှိုင်မိုးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ချမ်းသာတို့ ပူးပေါင်း၍ ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။
“အဓိက ကတော့ ဒီလိုမျိုး အတင်းအဓမ္မ အလုပ်ခိုင်းစေမှုတွေကို အကျဉ်းသားတွေကို လုပ်ခွင့်မရှိဘူး။ ပိုပြီးဆိုးတာက နိုင်ငံရေးယုံကြည်ချက်နဲ့ ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေသည် ရာဇဝတ်အကျဉ်းသားတွေ မဟုတ်ဘူးဆိုတာကိုတော့ သိဖို့လိုအပ်တယ်။ ရာဇဝတ်မှုတွေ ကျူးလွန်ထားလို့ ပြစ်ဒဏ်ပေးတယ်ဆိုရင်တောင် လူသားတစ်ယောက်ကို ခိုင်းလို့ရတဲ့ အလုပ်တွေပဲ ခိုင်းသင့်တယ်။ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုတွေကို လုံးဝလက်မခံဘူးဆိုတာ အသိပေးလိုတယ်။ ဒီလို အကျဉ်းထောင်ထဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်တော်တို့ စနစ်တကျ မှတ်တမ်းတင်ထားတယ်။ အကူးအပြောင်းကာလ တရားမျှတမှုတွေကို စွဲဆိုနိုင်တဲ့ အချိန်တွေကျရင်တော့ ဒီလိုမျိုး ဦးဆောင်ခဲ့သူ၊ ကျူးလွန်ခဲ့သူတွေရဲ့ List Name တွေကို စနစ်တကျ ပြုစုထားတယ်ဆိုတာ အသိပေးချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောကြားခဲ့သည်။