သပိတ်ခေါင်းဆောင် ကိုနန်းလင်း ဟောပြောခဲ့သည့် မြောက်ဒဂုံ ၄၀ ဈေးအား အင်အားရာချီဖြင့် အကြမ်းဖက်ဖျက်ဆီး

7 months ago

“သူတို့မှာက အဲဒီနည်းပဲ ရှိတယ်။ အကြောက်တရားနဲ့ အုပ်ချုပ်တာ။ ပြည်သူတွေ အနေနဲ့လည်း ကြောက်မသွားစေချင်ဘူး။ နောက်ထပ် နန်းလင်းတွေ အများကြီးတွေ ပေါ်လာဖို့ မျှော်လင့်တယ်”
ရန်ကုန် မြေအောက်တော်လှန်ရေး ခေါင်းဆောင်တစ်ဦး
=============
နိုဝင်ဘာ ၂၆
သပိတ်ခေါင်းဆောင် ကိုနန်းလင်း ဟောပြောခဲ့သည့် မြောက်ဒဂုံ ၄၀ ဈေးအား စစ်ကောင်စီတပ်မှ အင်အားရာချီဖြင့် အကြမ်းဖက်ဖျက်ဆီးခဲ့ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု – AJAY အဖွဲ့ဝင် ကိုရဲညီထက်က အသိပေးထားသည်။
လုံခြုံရေး အထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် နံနက် အစောပိုင်းက ပြုလုပ်ခဲ့သော လူထုသပိတ်တိုက်ပွဲ၌ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းက လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံသို့ အကျဉ်းချုံး အစီရင်ခံ ဟောပြောခဲ့ကာ ယင်းသို့ လုပ်ဆောင်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ယခုလို ဈေးကို အကြမ်းဖက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ မနေ့က လှုပ်ရှားခဲ့တဲ့ မြောက်ဒဂုံရှိ ၄၀ ဈေးကို ယမန်နေ့ညမှစလို့ ယခုမနက်အထိ အင်အားရာချီပြီး အကြမ်းဖက် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ ပထမဦးစွာ ဈေးသူဈေးသား အားလုံးအတွက် လွန်စွာ ဝမ်းနည်းရပါတယ်။ အနူးအညွတ်လည်း တောင်းပန်ပါတယ်ခင်ဗျာ။ မနေ့က သပိတ်မှာ ဟောခဲ့တဲ့ ကိုနန်းလင်းစကားလိုပဲ နှလုံးတုန်၊ ရင်တုန်ဖြစ်ရပြီး အခုလို စျေးပစ္စည်းတွေဆုံးရှုံးရတာ၊ နစ်နာရတာတွေ အတွက်တောင်းပန်ပါတယ် ဆိုတဲ့စကားကို ထပ်ပြောပြီး တောင်းပန်ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်တပ်ဟာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား သွေးကွဲအောင်လုပ်တဲ့ လမ်းစဉ်ပါပဲ။ ကျွန်တော်တို့ကို မြင်တာနဲ့ပြည်သူတွေမှာ စိုးရိမ်စိတ် ဖြစ်လာအောင် စစ်တပ်က ပုံဖော်လုပ်ယူနေတာပါ။ ကျွန်တော်တို့ လှည်းတန်းဈေးမှာ လုပ်ခဲ့တုန်းကလည်း ဈေးတစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ဖူးပါတယ်။ အခုလည်း ဒီနည်းလမ်းကို ထပ်လုပ်ပြီး အဓမ္မ အနိုင်ကျင့်ပြုလုပ်ခဲ့တာပါ။ ပြည်သူတွေကို ဒီကောင်တွေဟာ အကြောက်တရားနဲ့ ဖိနှိပ်ပြီး အာဏာတည်မြဲဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မိဘပြည်သူများခင်ဗျာ… စစ်တပ်ဟာ သေချာပေါက်ကျရှုံးနေပါပြီ။ ဒီကောင်တွေရဲ့ နိဂုံးဟာ ကျရှုံးခြင်းပါပဲ။ ဒီကောင်တွေဟာ ရန်ကုန်ကို ဘယ်တော့မှ အုပ်ချုပ်လို့ မရစေရပါဘူး။ ရန်ကုန်မှ မဟုတ်ပါဘူး… မြန်မာပြည် တစ်ပြည်လုံး ဘယ်နေရာ ဘယ်ဒေသမှ အုပ်ချုပ်၍ မရစေရပါဘူး။ လုံးဝ အုပ်ချုပ်ခွင့်မရစေရပါဘူး” ဟု ကိုရဲညီထက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ယင်းနှင့် ပတ်သက်ပြီး ရန်ကုန် မြေအောက်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက “သူတို့မှာက အဲဒီနည်းပဲ ရှိတယ်။ အကြောက်တရားနဲ့ အုပ်ချုပ်တာ။ ပြည်သူတွေ အနေနဲ့လည်း ကြောက်မသွားစေချင်ဘူး။ နောက်ထပ် နန်းလင်းတွေ အများကြီးတွေ ပေါ်လာဖို့ မျှော်လင့်တယ်။ မနေ့က နန်းလင်း ဟောပြောတဲ့အချိန်မှာ ပြည်သူတွေ လက်သုံးချောင်းထောင် ပါဝင်ကြတာတွေ့ရတယ်။ ဒါက ရန်ကုန် သွေးမအေးဘူးဆိုတာ ပြသလိုက်တာပဲ။ အခုလိုတွေလုပ်ပြီး ပြည်သူတွေကို ကြောက်အောင်လုပ်လည်း နောက်တွန့်သွားမှာ မဟုတ်ဘူးဆိုတာကို ပြသတဲ့ သက်သေပါပဲ။ ကြောက်အောင်လုပ်တာကို ကြောက်သွားရင် သူတို့အကြိုက်ဖြစ်သွားမယ်။ ပြည်သူတွေအနေနဲ့လည်း နန်းလင်းလို ခေါင်းဆောင်မျိုးတွေရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပြီး ပါဝင်စေချင်ပါတယ်” ဟု ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် လက်ရှိတွင် ပြည်သူလူထုအား ဟောပြောခဲ့သည့် သပိတ်ခေါင်းဆောင် ကိုနန်းလင်းကိုလည်း အပူတပြင်း လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။