လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တစ်ဦးတို့ ပစ်သတ်ခံရ

5 months ago

“ဦးသန်းမြင့်က လှိုင်မြို့နယ်မှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ အပေါ်ကို ကြီးကြီးမားမားသက်ရောက်မှုတွေ ဖြစ်စေတယ်။ ဒုက္ခသုက္ခတွေ ရောက်အောင် အဖမ်းခံရစေအောင် လုပ်တဲ့သူ ဖြစ်ပါတယ်”
ရေဘဝဲအဖွဲ့၏ ဥက္ကဌဖြစ်သူ
=============
ဇန်နဝါရီ ၁၉
ရန်ကုန်မြို့၊ လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တစ်ဦးတို့ ပစ်သတ်ခံခဲ့ရကြောင်း မြို့နယ်နေထိုင်သူ တချို့ထံမှ သိရသည်။
၎င်းတို့နှစ်ဦးမှာ ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ၁၃ ရပ်ကွက် ပန်းခြံကျောင်းလမ်း၌ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး ကျင်ဖျောက် ဆိုသူမှာ ဆေးရုံတွင် သေဆုံးခဲ့ကာ ရာအိမ်မှူး သန်းမြင့်မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။
ရာအိမ်မှူး သန်းမြင့်ဆိုသူမှာ စစ်တပ်အာဏာသိမ်းခြင်းအား အပြည့်အဝထောက်ခံပြီး အာဏာသိမ်းစ အချိန်ကတည်းက ဆန္ဒပြပြည်သူများအား အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးစေရန် အားပေးကူညီသူတစ်ဦးဖြစ်ပြီး Hlaing Dalan Record တွင် ၂၀၂၁ ခုနှစ်ကတည်းက မှတ်တမ်းတင်ခြင်း ခံခဲ့ရသူဖြစ်သည်ဟု Hlaing Info ချန်နယ်တွင် ဖော်ပြထားချက်အရ သိရသည်။
ရာအိမ်မှူး သန်းမြင့်၏ သတင်းပေးဒလန်လုပ်မှုကြောင့် ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရေဘဝဲအဖွဲ့ဝင်အချို့မှာလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရေဘဝဲအဖွဲ့၏ ဥက္ကဌဖြစ်သူက “ဒီနေ့ ဖြစ်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ဒါပေမယ့် ဦးသန်းမြင့်က လှိုင်မြို့နယ်မှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ အပေါ်ကို ကြီးကြီးမားမားသက်ရောက်မှုတွေ ဖြစ်စေတယ်။ ဒုက္ခသုက္ခတွေ ရောက်အောင် အဖမ်းခံရစေအောင် လုပ်တဲ့သူ ဆိုတာကိုတော့ ကျွန်တော်တို့ အတည်ပြုပါတယ်။ ၂၀၂၁ က သူတို့ ဧည့်စာရင်းတွေ ဝင်စစ်ကြတုန်းက ကျွန်တော်တို့ ကြောက်ကြောက်လန့်လန့်နဲ့ ပုန်းနေရတာတွေ၊ အိမ်တွေ ရွှေ့နေရတဲ့ အချိန်မျိုးတွေ ကြုံခဲ့ကြရတယ်။ လှိုင်မြို့နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအပေါ်နဲ့ မြို့နယ်အတွင်းက ထောက်ပို့ပြည်သူတွေ အားလုံးအပေါ် ဦးသန်းမြင့်ရဲ့ သတင်းပေးပို့မှုတွေ၊ ထုတ်ဖော်မှုတွေ၊ အဖမ်းခံရအောင် ပြုလုပ်မှုတွေကို အများကြီး ကြုံတွေ့ခဲ့ရတာတွေ ရှိခဲ့ပါတယ်” ဟု ပြောသည်။
အုပ်ချုပ်ရေးမှူး ကျင်ဖျောက်ဆိုသူမှာလည်း စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်လုပ်ခဲ့ပြီး ဧည့်စာရင်းနှင့် ထောက်ခံစာပြုလုပ်ရာတွင် ငွေကြေးတောင်းခံမှုများကြောင့် နာမည်ကြီးနေသူဖြစ်ကြောင်း သိရှိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လုပ်ဆောင်ချက် ဖြစ်သည်ကိုမူ မသိရှိရသေးပေ။
ပုံဟောင်း -လှိုင်မြို့နယ်မှ စစ်ကောင်စီသတင်းပေးတစ်ဦး ၂၀၂၁ ခုနှစ်က ပစ်သတ်ခံရစဉ်။
Photo – CJ