လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ကျဉ်းများ အပါအဝင် အကျဉ်းသား ၂၀ ဦးကို လွတ်ရက်စေ့သော်လည်း ပြန်လွှတ်‌မပေးဘဲ လုံခြုံရေးအကြောင်းပြ ဆက်လက်ဖမ်းဆီးထား

5 months ago

ဖေဖော်ဝါရီ ၃
ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ လုံခြုံရေးအကြောင်းပြကာ မတရား ဆက်လက်ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
၂၀၂၄၊ ဇန်နဝါရီ ၄ ရက်နေ့တွင် လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သော ရာဇဝတ်မှုအကျဉ်းသား ၁၄ ဦးနှင့် နိုင်ငံရေးနှင့် စပ်လျဉ်း၍ အထိန်းသိမ်းခံခဲ့ရပြီး လွတ်မြောက်ရန် ရက်ပြည့်နေပြီဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ခြောက်ဦး စုစုပေါင်း ၂၀ ဦးသည် ယနေ့အထိ သက်ဆိုင်ရာမိသားစုထံသို့ ပြန်လည်မရောက်ရှိသေးကြောင်း သိရသည်။
“အဓိကကတော့ သူတို့က အကျဉ်းသားတွေကို မတရားထပ်မံဖမ်းဆီးထားတာ။ မိသားစု‌ဝင်တွေကလည်း လွတ်ရက်စေ့နေတဲ့ သူတို့ရဲ့ သားသမီး၊ မိသားစုဝင်တွေကို မျှော်နေကြပြီ။ စစ်ကောင်စီအနေနဲ့ လုံခြုံရေးကို အကြောင်းပြပြီး ပြန်မလွှတ်တဲ့အပေါ်မှာ အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုလိုပါတယ်။ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကိုလည်း အန္တရာယ်ကင်းကင်းနဲ့ မိသားစုဝင်တွေဆီ ပြန်လည်ရောက်ရှိဖို့အတွက် ပြည်နယ်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကြိုးစားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
၎င်းလုပ်ရပ်သည် အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြ၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အကျဉ်းဦးစီးဌာနအနေဖြင့် အပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်ပြီဖြစ်သည့် ရာဇဝတ်မှုအကျဉ်းသား ၁၄ ဦးအား ချက်ချင်းလွှတ်ပေးရန်၊ လွတ်မြောက်သင့်ပြီဖြစ်သော နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအား ချက်ချင်းလွှတ်ပေးရန်နှင့် စစ်ရေးတင်းမာနေသည့် အခြေအနေတွင် လွတ်မြောက်အကျဉ်းသားများ နေရပ်ပြန်နိုင်ရေး ICRC နှင့် United Nations OCHA တို့မှ ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်နှင့် ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးတို့က ပူးတွဲထုတ်ပြန်တောင်းဆိုထားသည်။