လွိုင်ကော်မြို့ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချမည်ဖြစ်သည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးကြရန် KNDF ဥက္ကဌ တောင်းဆို

7 months ago

နိုဝင်ဘာ ၁၃
ကရင်နီပြည်တွင် အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေး ဖော်ဆောင်နိုင်ဖို့ရန်မှာ လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ ဘေးကင်းလွတ်ရာများသို့ ယာယီရွှေ့ပြောင်းနေထိုင်ပေးကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF မှ ဥက္ကဌ ခွန်းဘီထူးက တောင်းဆိုပြောကြားထားသည်။
“လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများ ဆင်နွှဲတိုက်ခိုက်နေကြပါတယ်။ ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရပါမယ်။ အခုလို မြို့သိမ်းတိုက်ပွဲတွေဟာ ပျက်စီးနစ်နာမှု များနိုင်တယ်ဆိုတာ သိထားပေမယ့် အာဏာရှင်စနစ်အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလိုစစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာဖြစ်တယ်။ ပြည်သူပြည်သားများအနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီရွှေ့နေပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။ ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတက်သော လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြရအောင်လို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ၎င်းက KNDF စာမျက်နှာမှ တဆင့် ပြောဆိုထားသည်။
ကရင်နီပြည်မှ တော်လှန်ရေးတပ်ပေါင်းစုများက ၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) အမည်ရ စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့ပြီး နှစ်ရက်တာအတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း ၁၀ ခုကျော်အား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကာ စကစဘက်မှ ထိခိုက်သေဆုံးသူများပြားခဲ့သည့်အပြင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများစွာလည်း ရရှိထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ထုတ်ပြန်ထားသည်။
ပုံစာ – ၁၁.၁၁ စစ်ဆင်ရေးအတွင်း ရရှိထားသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ
Photo – MOD