လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်၊ တပ်ရင်း ၃ မှ သင်တန်းသားသစ်များ ခေါ်ယူမည်

3 months ago

မတ် ၃၁
လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်၊ တပ်ရင်း ၃ (Loikaw Local PDF Alpha 3) မှ သင်တန်းသားသစ်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါတပ်ရင်းမှ တာဝန်ရှိသူ ကိုညီညီက ပြောသည်။
သင်တန်းသားသစ်များကို ဧပြီ ၁ ရက်နေ့တွင် စတင်ခေါ်ယူမည်ဖြစ်ပြီး Loikaw Local PDF Alpha 3 အပတ်စဉ် (၃) အတွက် ခေါ်ယူခြင်းဖြစ်ကြောင်းနှင့် သင်တန်းသားဦးရေ မကန့်သတ်ထားကြောင်း သိရသည်။
“အဓိက လွိုင်ကော် နယ်ခံတွေကို ဦးစားပေးခေါ်မှာပါ။ တခြားမြို့တွေက တော်လှန်ရေး စိတ်အားထက်သန်သူတွေလည်း ခေါ်ပါမယ်ဗျ။ သင်တန်းသားသစ်တွေအနေနဲ့ အတတ်နိုင်ဆုံး အင်အား အပြည့်အဝ ပါစေချင်တယ်။ တော်လှန်ရေးမှာလည်း လူငယ်တိုင်း၊ လူကြီးတိုင်း ကျရာကဏ္ဍမှာ ပါစေချင်တယ်။ အဓိက ကိုယ့်မြို့ကိုယ် ကာကွယ်တဲ့နေရာမှာ ပါစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်တွင်လည်း တပ်ရင်းထံ ဆက်သွယ်ဝင်ရောက်လာသည့် လူငယ် ၁၅ ဦးခန့် ရှိကြောင်းလည်း သိရသည်။
လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်၊ တပ်ရင်း ၃ တွင် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသားများအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး ပင်ပန်ဆင်းရဲဒဏ်ခံနိုင်ရမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အနည်းဆုံး ၂ နှစ် စစ်မှုထမ်းနိုင်ရမည်ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်းဖြစ်ရမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ရန်နှင့် အာဏာရှင်စနစ်ကို အဆုံးတိုင် တိုက်ဖျက်ရန် စိတ်အားထက်သန်သူဖြစ်ရမည်ဖြစ်ကြောင်း စသည့် စည်းမျဉ်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရသည်။