လောင်းလုံးတွင် ကုန်းကြောင်း၊ ရေကြောင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်တပ်အား နေရာငါးခုတွင် မိုင်းဆွဲတိုက်ခိုက်၊ စကစ ငါးဦး နေရာတွင်ပင် သေဆုံး

5 months ago

ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောက်ပိုင်းကို ကုန်းကြောင်း၊ ရေကြောင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ပင်မစစ်ကြောင်း နှစ်ခုအား နေရာ ငါးခုတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ငါးဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ၁၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ယနေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှ စ၍ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ နေအိမ်များ မီးရှို့ဖျက်ဆီး၊ ပြည်သူအချို့အား သတ်ဖြတ်ခဲ့သည့် အဆိုပါ စစ်ကြောင်းများကို ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက် ၇:၃၀ နာရီတွင်လည်းကောင်း၊ နေ့လယ် ၁:၃၀ နာရီတွင်လည်းကောင်း၊ နေ့လယ် ၂ နာရီတွင်လည်းကောင်း၊ နေ့လယ် ၃:၃၀ နာရီနှင့် ညနေ ၄ နာရီတို့တွင်လည်းကောင်း မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများထဲမှ တစ်ဦး၏ အလောင်းကို စွန့်ပစ်ခဲ့သည့်အတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့က သင်္ဂြိုဟ်ပေးခဲ့ရကြောင်းနှင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သော ၁၆ ဦးမှာ ဆေးကုသမှု ခံယူနေရသည်ဟု အတွင်းသတင်းများအရ သိရကြောင်း ဖော်ပြထားသည်။
“သူတို့ စစ်ကြောင်းချီတက်လာတာနဲ့ နေရာ ငါးနေရာခွဲ အသင့်စောင့်ဆိုင်း မိုင်းဆွဲခဲ့တာပါ။ လောင်းလုံးမြို့ အောက်ပိုင်းပေါ့။ သူတို့ရဲ့ အလောင်း တစ်လောင်းကိုတော့ သင်္ဂြိုဟ်ပေးလိုက်ပါတယ်။ ဒုတိယကြိမ်မိုင်းဆွဲတုန်းကဆို ကားသုံးစီးနဲ့ ဒဏ်ရာရ စကစတွေကို ထားဝယ်အထိ တင်သွားခဲ့တာ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ တာဝန်ရှိသူက ပြောသည်။

၎င်းတိုက်ခိုက်မှုများကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု၊ Guerrilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)၊ ထားဝယ်နဂါးတပ်ခွဲ (၅)နှင့် Dawei Defense Team – DDT တပ်ခွဲ (၃)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကားတစ်စီးနှင့် လက်ပစ်ဗုံးတစ်လုံးတို့ သိမ်းဆည်း ရမိခဲ့ကြောင်းလည်း သိရသည်။