လောင်းကစားဝိုင်းမျိုးစုံ ဦးဆောင်နေသော ပျူစောထီးတစ်ဦး ရှင်းလင်းခံရ

4 months ago

မတ် ၃
အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများ ဦးဆောင်နေသော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှ ပျူစောထီးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ပစ်ခတ်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
“ဒီရှင်းလင်းမှု‌တွေ လုပ်လိုက်ရတာကတော့ သူတို့က ရပ်ရွာနယ်တွေထဲမှာ တရားမဝင် လောင်းကစားဝိုင်း‌တွေ အများကြီးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာ ကြာနေပြီ။ ကျွန်‌တော်တို့အနေနဲ့ သူတို့ကို ရပ်တန့်စေချင်လို့ လုပ်လိုက်ရခြင်းဖြစ်ပါတယ်။ ကျော်ဝင်းကိုတော့ ပထမတစ်ကြိမ် အဖွဲ့စည်းတစ်ခုက သတိပေးဖူးတယ်လို့ သိရပါတယ်“ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊UG အဖွဲ့မှ ရဲဘော် အေပီကေက ပြောသည်။
အဆိုပါ ရှင်းလင်းခံရသူမှာ အသက် ၅၀ ဝန်းကျင်ရှိ ကျော်ဝင်းဆိုသူ ပျူစောထီးဖြစ်ကြောင်းနှင့် ရှင်းလင်းမှုအား မတ်လ ၂ ရက် နေ့လယ် ၃ နာရီကျော်တွင် မုက္ခမူရွာထိပ်ရှိ ၎င်းဦးဆောင်လုပ်ကိုင်နေသော အံဂလုံဝိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရှင်းလင်းခံရသူမှာ မုက္ခမူကျေးရွာနေ ရဲတပ်သား ထက်အာကာ ဆိုသူ၏ ဖခင်ဖြစ်ကြောင်းနှင့် အာဏာစသိမ်းစဉ်ကာလမှစ၍ ယခုအချိန်ထိ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း၍ မုက္ခမူ၊ ကော့ထင်း၊ ဘုရားကြီး၊ ခလွန် အစရှိသည့် မြို့နယ်၊ ကျေးရွာများတွင် ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အံဂလုံဝိုင်း၊ လောင်းကစား ဒုစရိုက်မှုမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
(ပျူစောထီး ကျော်ဝင်း ရှင်းလင်းခံရသည့် ရုပ်သံဖိုင်ကို
https://t.me/Springofburmamedia တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)