လူအင်အား နည်းနေပြီဖြစ်သော အကြမ်းဖက်စစ်တပ် နည်းလမ်းအသစ်ဖြင့် လူစုနေ ” အလုပ်လက်မဲ့ လူငယ်လေးတွေ ဆိုးသွမ်းလူငယ်လေးတွေကို အခွင့်ကောင်းယူပြီး အပြစ်ချေပြီး လူအင်အား ယူကြတာပေါ့။ အဆိုးဆုံးက WY ဆေးတွေ ပေးပြီး လက်နက်ကိုင်ခိုင်းတာပဲ” ပဲခူး တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး

7 months ago

နိုဝင်ဘာ ၇
တော်လှန်ရေးကာလ ကြာလာသည်နှင့် အမျှ အကြမ်းဖက် စစ်ကောင်စီတွင် လူအင်အားနည်းလာမှုပြသနာ ပိုမိုကြီးလာကာ ၄င်းတို့အနေဖြင့် နည်းလမ်းအသစ် မျိုးစုံဖြင့် လူအင်အား စုဆောင်းနေကြောင်း ဒေသခံ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့များထံမှ သိရသည်။
“လူငယ်တွေ၊ အလုပ်လက်မဲ့ လူငယ်လေးတွေ၊ ဆိုးသွမ်းလူငယ်လေးတွေကို အခွင့်ကောင်းယူပြီး အပြစ်ချေပြီး လူအင်အားယူကြတာပေါ့။ မိမနိုင် ဖမနိုင် အပြစ်လုပ် ရိုက်ခွဲ ဓားထိုးတွေကို အပြစ်က ကင်းလွတ်ခွင့်ပေးမယ်။ ရဲထဲဝင်မလား၊ စစ်ထဲ ဝင်မလား စတဲ့ အဲဒီလို ပုံစံနဲ့ လုပ်နေတာ။ လူငယ်တချို့ ပါကုန်ပြီ။လူငယ်တွေကတော့ ဆိုးမှာပဲ။ ကျွန်တော်တို့လည်း ငယ်ငယ်က ဆိုးတာပဲ။ အဲဒီလို ကလေးတွေကို လွတ်ငြိမ်းပေးပြီးခေါ်တာတွေ၊ မက်လုံးပေးပြီး စည်းရုံးခေါ်သွားတာတွေ လုပ်နေတယ်။အဆိုးဆုံးက WY ဆေးတွေ ပေးပြီး လက်နက်ကိုင်ခိုင်းတာပဲ။ ကျွန်တော်တို့ မြို့နယ်မှာလည်း ဖြစ်နေတယ်။ ခရိုင်မှာလည်း ဖြစ်နေတယ်။ WY တွေကို စျေးပေါပေါနဲ့ ပေးတယ်။ သူတို့က အလကားရနေတာကိုး။ အဲဒီဆေးပြားတွေနဲ့ စွဲဆောင်တယ်။လက်နက်ကိုင်ခိုင်းတယ်။ စစ်သင်တန်း တက်ချင်ချင် မတက်ချင်ချင် တက်ခိုင်းမယ်။ လူငယ်တချို့ ပါကုန်တယ်။ သူတို့က မြို့နယ်မှာလည်း ဆိုးသွမ်းလူငယ်တွေကို ရှာဖွေနေတယ်” ဟု ပဲခူး၊ အုတ်ဖိုမှ တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သူ ရဲ‌ဘော် ဒေဝ က Spring of Burma Media သို့ ပြောသည်။
ယင်းသို့ လူအင်အား စုဆောင်းခြင်းအား တိုင်းနှင့်ပြည်နယ် အနှံ့တွင် လုပ်ဆောင်နေကာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူများမှ တဆင့် ဆက်သွယ်စုဆောင်းနေကြောင်းလည်း သိရသည်။
“သူတို့အနေနဲ့ ပျူစောထီးဆိုပြီး လက်နက်တွေ တပ်ဆင်၊အခွင့်အရေးတွေ ပေးတာက တဖြည်းဖြည်း အလုပ်မဖြစ်တော့ အခု နည်းလမ်းအသစ် သုံးလာကြတာပေါ့။ ပျူတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းပစ်တာ သောက်သောက်လဲလေ။ပျူရှင်းလင်းရေးမှာ ပဲခူးဆို အကြမ်းဆုံး အနေအထားဖြစ်နေပြီ” ဟု ရန်ကုန်မြေအောက်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ၄င်းတို့၏ နည်းလွန်းလာသော လူအင်အားကို နည်းလမ်းအသစ်ဖြင့်၏ စုဆောင်းရာတွင် လူငယ်များအား WY ဆေးပြားများပေးကာ စွဲဆောင်မှု ပိုများနေကြောင်းနှင့် စိတ်ဓာတ် ပျက်ပြားနေသော စစ်တပ်အတွင်း တပ်ရင်းလိုက် လက်နက်ချခြင်း၊ ပြည်သူ့ထံ ခိုလှုံခြင်းများမှာ ၄င်းတို့ကို ပိုမို အထိနာနေစေကြောင်းလည်း သိရသည်။
“ရှင်းရှင်းပြောရရင် တပ်ပြေးတာ၊ လက်နက်တွေ အပုံလိုက်ထားပြီး ပြေးရတာဟာ ဘယ်လောက် အထိနာနေပြီ ဆိုတဲ့ သက်သေပဲ။ သူတို့ တပ်သားတွေ စိတ်ဓာတ်ပျက်ပြားနေပြီ။တချို့လည်း အခြေအနေမှန်ကို သိနေလို့ ပြေးပေါက်ပဲ ရှာနေကြပြီ”ဟု မြေပြင် တော်လှန်ရေးအရာရှိတစ်ဦးက ပြောခဲ့သည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ရဲဘော်ဒေဝက ဆက်လက်ပြောရာတွင် “အခုအချိန်မှာ တစ်ပြည်လုံးမှာ စစ်‌- ၊ရဲ- တွေရဲ့ အင်အားတွေက နည်းလာပြီ။ စစ်မျက်နှာပြင် ဖွင့်ထားရတဲ့နေရာတွေကလည်း ရှမ်းပြည်၊ ကရင်ပြည် စတဲ့နေရာတွေအပါအဝင် အခုတွေ့တဲ့အတိုင်း မြန်မာနိုင်ငံအနှံ့ ပတ်ပတ်လည်ပဲ။ သူတို့မှာ အရင်က လုပ်နိုင်တာ တစ်ခုတည်းက ပြည်သူချင်းရန်တိုက်တဲ့ နည်းလမ်းရယ်။ ထောင်သားတွေ လွှတ်တာမျိုး။ ပျူစောထီးဆိုတာက တရားဝင်ပေါ့။ အခုလုပ်နေတာကျတော့ သက်သက် လူအင်အား စုတာ။ ပျူစောထီးတွေကျ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ လက်နက်ပေးတယ်။ ဆိုင်ကယ်တွေ ဖမ်းခိုင်းတယ်။ တရားဥပဒေနဲ့ မလွတ်ကင်းတာ မှန်သမျှ လုပ်ပိုင်ခွင့်ပေးပြီး စွဲဆောင်ထားတယ်” ဟု ပြောခဲ့သည်။
ပုံစာ- အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတချို့တွင် ဖော်ပြထားသော ၎င်းတို့ စုဆောင်းထားသည့် တပ်သားများ။