လူငယ်များ ရှောင်လွှဲမရသော အခြေအနေများကြုံလာပါက ပြည်သူ့တော်လှန်ရေးဘက်ကိုသာ ရွေးချယ်ပေးရန် တော်လှန်တပ်ဖွဲ့များ တိုက်တွန်း

4 months ago

“လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရမှာချင်းအတူတူ အာဏာရှင် တဦးတယောက် တစုတဖွဲ့ကို ကာကွယ်ဖို့ အသက်စတေးခံရတဲ့ အနေအထားတွေ မဖြစ်ဖို့ အမြန် စဉ်းစားစေချင်ပါတယ်”
BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး
=========
ဖေဖော်ဝါရီ ၁၂
မြန်မာနိုင်ငံတွင် ထုတ်ပြန်လိုက်သော စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ်များ မလွှဲမရှောင်သာ အခြေအနေများ ဖြစ်ပေါ်လာပါက ပြည်သူ့တော်လှန်ရေးဘက်ကိုသာ ရွေးချယ်ပြီး ရဲရဲရပ်တည်ပေးရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းပြောကြားခဲ့ကြသည်။
“ဒီဥပဒေကို အကြောင်းပြပြီး အာဏာရှင်အတွက်အကာအကွယ်ပေးဖို့ အသက်စတေးဖို့ သေနတ်ကိုင်ပြီး ပါဝင်မယ့်အစား ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား စဉ်းစားရမှာက တကယ့် စစ်မှုထမ်းခြင်းဖြစ်တဲ့ တိုင်းပြည်နဲ့ လူထုကို ကာကွယ်ဖို့ အစစ်အမှန်ဖြစ်တဲ့ တော်လှန်ရေးဘက်မှာ ဝင်ပါပြီး လက်နက်ကိုင်ကြဖို့ပါပဲ။ စစ်မှုထမ်းဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့ပါ။ မလွှဲမရှောင်သာ အခြေအနေတွေမှာ လူငယ်တွေအနေနဲ့ ပြည်သူ့တော်လှန်ရေးဘက်ကို ရွေးချယ်ပြီး ရဲရဲရပ်တည်ဖို့ ပြောချင်ပါတယ်။ မဟုတ်ရင် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရမှာခြင်းအတူတူ အာဏာရှင် တဦးတယောက် တစုတဖွဲ့ကို ကာကွယ်ဖို့ အသက်စတေးခံရတဲ့ အနေအထားတွေ မဖြစ်ဖို့ အမြန်စဉ်းစားစေချင်ပါတယ်”ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ စစ်ဦးစီးချုပ် ဗိုလ်နဂါးက Spring of Burma Media သို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် ၄င်းတို့ စစ်အင်အားကျဆင်းလာခြင်းနှင့် လူအင်အားဖြည့်ရန်အတွက် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းလိုက်ခြင်းကြောင့် ပြည်တွင်းနေထိုင်သူများမှာအချိန်မရွေး စကစလက်ထဲ ရောက်လာနိုင်သော ခြိမ်းခြောက်မှုများစွာ ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
“အခုက အမျိုးသားညီညွတ်ရေးအစိုးရကလည်း တပ်မတော်သားတွေ ခေါ်နေတာတွေ့တယ်။ ကျွန်တော်တို့လည်း နည်းလမ်းပေါင်းစုံ ရှာနေရတာပေါ့။ အဓိက က လုံခြုံရေးပဲ။ အချိန်မရွေးဆွဲခေါ်ခံရနိုင်တာတွေရော၊ လူသားဒိုင်းလို အသုံးချခံရမှာစိုးရတာတွေပါ စုနေတာ”ဟု ရန်ကုန်တွင်နေထိုင်သူ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့်လည်း ပြည်သူများ ဆက်သွယ်လာပါက အဆင်ပြေစေရန် စီစဉ်နေကြကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့ တော်တော်များများမှလည်း ပြည်သူများကို တရားဝင်ဖိတ်ခေါ်ထားကြကြောင်း သိရသည်။
“ဒီဥပဒေက ပြည်သူကို ခြိမ်းခြောက်တဲ့ ထုတ်ပြန်ချက်တခုပဲ။ အခုတောင်မှ ဒီလိုထုတ်ပြန်ချက်တွေ မထုတ်ရင်တောင် ပြည်သူက စစ်တပ်ကို ဘယ်လောက်မုန်းသလဲ။ ပူးပေါင်းပါဝင်မှု ဘယ်လောက်ရှိသလဲဆိုတာ သူတို့ကိုယ်တိုင်လည်း သိတယ်။ သူတို့အနေနဲ့ ဖမ်းဆီးပြီးမှ စစ်မှုထမ်းခိုင်းနိုင်မယ့် အခြေအနေမျိုးပဲ ရှိတယ်။ အခုအချိန်မှာ နောက်မကျသေးပါဘူး။ ကျွန်တော်တို့ တော်လှန်ရေးမှာ ပါဝင်ကြဖို့ အများကြီး ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်မှာ အင်အားကောင်းလာဖို့ ပါဝင်ပေးကြဖို့လည်း ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်” ဟု မတူပီ CDF တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက ဆိုသည်။
ပြည်သူပြည်သား လူငယ်လူရွယ်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ထဲကို မလွှဲမရှောင်သာ ဝင်မည့်အစား တော်လှန်ရေးဘက်ကို ပူးပေါင်းလာကြမည်ဟု ယူဆကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
“လူငယ်လူရွယ်တွေအနေနဲ့ မတရားအကြမ်းဖက် ဖိနှိပ် နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ပြီး အမြန်ဆုံးလာရောက် ပူးပေါင်းကြပါ။ မတရားတဲ့ဥပဒေကို ဆန့်ကျင်ပြီး ကျွန်တော်တို့နဲ့ လက်တွဲပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့ အမြန်ဆုံး လာရောက်ပူးပေါင်းကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။
၎င်းဥပဒေထုတ်လိုက်ခြင်းက တော်လှန်ရေးကို ပိုမိုမြန်ဆန်ပြီးဆုံးသွားစေနိုင်သည့် တွန်းအားတစ်ခုပင် ဖြစ်လာနိုင်ကြောင်း ယူဂျီခေါင်းဆောင်တစ်ဦးက သုံးသပ်သည်။
“အမှန်တော့ ဒီစစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတိတိကျကျ ပြဌာန်းပြီး အကောင်အထည်ဖော်တာကတော့ လက်ရှိ စစ်တပ်ရဲ့ ပြိုလဲ ပျက်စီးသွားတဲ့ အင်အားတွေ၊ ကွဲထွက်သွားတဲ့ အင်အားတွေကို ပြန်အစားထိုးဖို့ ဒါကို မြန်မြန်ထလုပ်တာလို့ ယူဆရပါတယ်။ ဒီအခြေအနေကလည်း ၂၀၂၁ အာဏာသိမ်းပြီးနောက်မှ လုံးဝသူတို့ မမျှော်မှန်းထားတဲ့ ပြည်သူတရပ်လုံး လက်နက်ဆွဲကိုင်တော်လှန်တဲ့ အနေအထားမှာ စစ်တပ်ရဲ့ ပကတိ အင်အားနည်းပါးမှု၊ ပကတိ အရည်အချင်း နည်းပါးမှုတွေကြောင့် သူတို့ အင်အားလုံးဝပြိုလဲ ပျက်စီးသွားပြီဆိုတာကိုလည်း မြင်ရတယ်။ ဒါကို အစားထိုးဖို့ ဒီဥပဒေကို အစားထိုးပြဌာန်းတာကိုး။ ဒါပေမယ့် စစ်မှုထမ်းတယ်ဆိုတာက ပြည်သူကို ကာကွယ်ဖို့ တိုင်းပြည်ကို ကာကွယ်ဖို့ လုပ်ရတဲ့အလုပ်အဖြစ် တာဝန်ကိုထမ်းရတာ၊ အခုက စစ်မှုထမ်းဥပဒေလို့ အမည်တပ်ပေမယ့် အာဏာရှင်အတွက် အသုံးချခံလူစုဆောင်းရေး ဥပဒေပါပဲ” ဟု ဗိုလ်နဂါးက ဆက်၍ပြောခဲ့သည်။