လက်နက်အားကိုး သောင်းကျန်းနေသော မော့ကနင်ကျေးရွာ အုပ်ချုပ်ရေးမှူး/ ပျူခေါင်းဆောင် ထိန်ဝင်းအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့

4 months ago

ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ မော့ကနင်ကျေးရွာနေပြည်သူများနှင့် ကျေးရွာတဝိုက် ခြံနေပြည်သူများထံမှ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် ထိန်ဝင်းအား ဖမ်းဆီးရန် ဝင်ရောက်စီးနင်းခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စကစ၏ အဓိကထောက်တိုင်အဖြစ် အုပ်ချုပ်ရေးမှူးတာဝန်နှင့် ကျေးရွာပျူခေါင်းဆောင် တာဝန်ယူထားသူ ထိန်ဝင်းအား ပြည်သူများ၏ တိုင်တန်းချက်များအရ ၎င်း၏နေအိမ်နှင့် ရုံးအား ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-၃)မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တပြိုင်တည်း ဝင်ရောက်စီးနင်းဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝင်ရောက်စီးနင်းချိန်က သူအပြင်ကနေ ပြန်လာတာနဲ့ တိုက်ဆိုင်သွားတာ။ အဲဒါကြောင့် လွတ်သွားတာ။ အခုတော့ထပ်မရှာသေးပါဘူး။ သူ့သမီးတစ်ယောက်ကိုပဲ တွေ့တာ။ သူကတော့ မြင်ပြီး ထွက်ပြေးသွားတာ” ဟု ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
၎င်းသည် ပြည်သူများအ‌ပေါ် အနိုင်ကျင့် ငွေတောင်းခြင်းများအပြင် လောင်းကစားဝိုင်းများ ဖွင့်ထားခြင်း၊ PDF များကိုမကြာခဏ စိန်ခေါ်ကြွေးကြော်ခြင်း၊ နှစ်ကရင်ကျေးရွာလေယာဉ် ဗုံးကြဲခံရမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေခြင်း အစရှိသည့် မတရားမှုများအား ကျူးလွန်နေသူဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ပြည်သူများထံမှမတရားရယူ၍ ဝယ်ယူစုဆောင်းထားသော ဆိုင်ကယ်နှစ်စီး၊ဖုန်းနှစ်လုံးနှင့် လက်ဝတ်ရတနာအချို့အား တော်လှန်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အလို့ငှာ ၎င်း၏သမီးဖြစ်သူ ရှေ့မှောက်တွင် သိမ်းဆည်းခဲ့ပြီး ယင်းပစ္စည်းများအား ရေးပြောက်ကျားတပ် (YGF)၏ တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးထုတ်ပြန်အပ်ကြောင်း ဆိုထားသည်။