လက်နက်များနှင့်တကွ ချိတ်ဆက် အလင်းဝင်လာသော ပျူ ၅ ဦးကို ဂန့်ဂေါ ပကဖ ငွေကျပ် ငါးသိန်းစီ ချီးမြှင့်

3 months ago

မတ် ၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်သည့် ပျူရွာများမှ ပျူစောထီး ၅ ဦး လက်နက်များနှင့်တကွ ချိတ်ဆက် အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၂၇ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာမှ ပျူစောထီး ၃ ဦးသည် ၎င်းတို့ကိုင်ဆောင်သော ကာဘိုင်သေနတ် ၃ လက်၊ ကာဘိုင်ကျည် ၄၅၀ တောင့်တို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၎င်းအပြင် အဆိုပါရွာမှ ပျူစောထီး ၂ ဦးသည်လည်း ၎င်းတို့ကိုင်ဆောင်သော ကာဘိုင် ၁ လက်၊ Shotgun ၁ လက်၊ ကာဘိုင်ကျည် ၂၀၀ တောင့်၊ ၄.၈ကျည် ၅၉ တောင့် တို့နှင့်အတူ ၂၀၂၃ ဒီဇင်ဘာ ၃ ရက်နေ့က ဂန့်ဂေါမြို့နယ် ပကဖထံ ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
“အဓိက သူတို့အလင်းဝင်လာရတဲ့အကြောင်းအရင်းကတော့ သူတို့ဟာ လက်နက်နှင့် ခြိမ်းခြောက်ဖိအားပေးခံရပြီး စိတ်မပါဘဲ ပျူစောထီးလုပ်ခိုင်းခြင်း ခံရသူတွေ များပါတယ်။ ထွက်လာသူတွေဟာ အရင်ကတည်းက ကာကွယ်ရေးအဖွဲ့တွေဘက်ကို သတင်းအချက်အလက် ပေးပို့နေခဲ့တာပါ။ အခွင့်အရေးရလို့ လက်နက်နဲ့တကွ အလင်းဝင်လာကြတာပါခင်ဗျာ။ သူတို့ထွက်ဆိုချက်ကတော့ သူတို့က ပျူမလုပ်ချင်ဘဲနဲ့ လုပ်ခဲ့ရသူတွေဖြစ်တာရယ်၊ ပြီးတော့ ပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူ့ဘက်ကို ရပ်တည်လာတာလို့ ထွက်ဆိုပါတယ်ဗျ” ဟု ဂန့်ဂေါမြို့နယ် ပကဖမှ တာဝန်ရှိသူက ပြောသည်။
ထိုသို့ အလင်းဝင်ရောက်လာသော ပျူစောထီးများအား ဂန့်ဂေါမြို့နယ် ပကဖမှ လိုအပ်သော စစ်ဆေးချက်များ ရယူခဲ့ပြီး ၂၀၂၄ ရက် မတ်လ ၁ ရက်နေ့တွင် လက်နက်ကိုယ်စီဖြင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငါးသိန်းကျပ်နှုန်းဖြင့် ချီးမြှင့်ထောက်ပံ့ခဲ့ကြောင်းလည်း သိရသည်။
May be an image of 2 peopleMay be an image of 2 peopleMay be an image of 2 people
“စကစ ဟာ ပျူတွေကို လက်သပ်မွေးပြီး သူတို့ရဲ့အသက်တွေကို စတေးနေပါတယ်။ ဒါကြောင့် အသိတရားအမြန်ရပြီး အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်းဝင်ဖို့ပြောလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေဖြင့် အလင်းဝင်ပျူများနှင့်ပတ်သက်ပြီး ညွှန်ကြားချက်များ၊ မူဝါဒများနှင့်အညီ စိစစ်လက်ခံလျက်ရှိပါတယ်။ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထင်ရှားစွာ စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။