ရှမ်းမြောက် ၆ မြို့နယ်တွင် စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သား စုဆောင်းပေးသော ရပ်/ရွာအုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု TNLA သတိပေး

3 months ago

မတ် ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း ၆ မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားသစ် စုဆောင်းရေး အစီအစဉ်အတွက် အတင်းအဓမ္မ စစ်သား စုဆောင်းပေးသော ရပ်ရွာအုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း TNLA က ယနေ့ မတ် ၁၉ ရက်နေ့တွင် တရားဝင်ကြေညာလိုက်သည်။
မြန်မာစစ်ကောင်စီက အသင့်တင့် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ စစ်ဒေသအတွင်းရှိ လားရှိုးမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့တွင် ပြည်သူ့ဘဝလုံခြုံနေမှုတို့ကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန်အတွက် အဓမ္မစစ်သားစုဆောင်းနေသည်ဟု ပြည်သူလူထုများက PSLF/TNLA ထံ တိုင်ကြား အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စု အုပ်ချုပ်ရေးမှူးများကို သတ်မှတ်ထားသည့် တပ်သားသစ် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ဆောင်ပေးရန် ချမှတ်လာခြင်းဖြစ်ပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီ၏ အဓမ္မ ဖိအားပေးစေခိုင်းမှုကို မလွှဲမရှောင်သာ အချို့နေရာတွင် စတင်ပြီး အကောင်အထည်ဖော်နေကြောင်း ဖော်ပြထားသည်။
မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများကို အဓမ္မစစ်သား စုဆောင်းခိုင်းစေခြင်းကို မြို့မိမြို့ဖအပါအဝင် ရပ်ရွာလူထုနှင့် PSLF/TNLA က လက်မခံကြောင်း၊ အကယ်၍ အုပ်ချုပ်ရေးမှူး တစ်ဦးဦးသည် လူထုဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း PSLF/TNLA က တရားဝင်ကြေညာခဲ့သည်။
May be an image of map and text